မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်အနေဖြင့် နျူကလီးယား ဖျက်သိမ်းရေး အခွင့်အခါကောင်းကို မလွတ်တမ်း အသုံးချကာ နိုင်ငံတကာ၏ ယုံကြည်မှုကို ရယူခြင်းဖြင့် ဆန်ရှင်များ ရုပ်သိမ်းပေးရန် လမ်းပွင့်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက တိုကျိုမြို့၌ ကမ္ဘာ့ဘဏ် အခမ်းအနားတစ်ခုသို့ တက်ရောက်စဉ် တိုက်တွန်းပြောကြားလိုက်သည်။
မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးအတွက် ပြီးခဲ့သည့် ၂၅ နှစ်ဝန်းကျင် မအောင်မြင်သော ကြိုးပမ်းမှုများနောက်ပိုင်း ယခုအချိန်သည် အချိန်အခါကောင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသည် ယခု အခွင့်အရေးကို မလွတ်တမ်း အသုံးချကြစေလိုကြောင်းဖြင့် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်သူ မစ္စတာ မွန်းက ပြောသည်။
"မြောက်ကိုရီးယားကို ကူညီဖို့ ကမ္ဘာကြီးက အသင့်ဖြစ်နေပြီဆိုတာ ပြောလိုပါတယ်။ အထူးသဖြင့် တောင်ကိုရီးယား၊ အမေရိကန်၊ တရုတ်၊ ဂျပန်၊ ရုရှားတို့ ဖြစ်ပါတယ်" ဟု မစ္စတာ မွန်းက အေပီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
မြောက်ကိုရီးယား နျူကလီးယား ဖျက်သိမ်းရေးသည် ကိုရီးယားနှစ်နိုင်ငံ အနာဂတ်အရေးအတွက်ပါ လိုလားအပ်သောကိစ္စဖြစ်သည်ဟု မစ္စတာ မွန်းက ပြောသည်။
"အခုအချိန်က အချိန်ကောင်းပါ။ အခွင့်အရေး လက်မလွတ်ကြပါစေနဲ့" ဟု မစ္စတာ မွန်းက ပြောသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့်နှစ်က နျူကလီးယားနှင့် ဒုံးကျည် အရှိန်မြှင့် စမ်းသပ်ခဲ့ပြီး၊ ယခုနှစ်တွင် နျူကလီးယားဖျက်သိမ်းရေး ကတိကဝတ်ဖြင့် တောင်ကိုရီးယား၊ အမေရိကန်တို့ကို ဆွေးနွေးပွဲသို့ ခေါ်ယူနိုင်ခဲ့သည်။
ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများ သိသိသာသာ လျော့ကျသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့က ပြောသည်။

















