အမေရိကန်နှင့်တရုတ်တို့ အပြန်အလှန် အခွန်တိုးကောက်မှုကို ရက် ၉၀ ရပ်ဆိုင်းထားပြီးဆွေးနွေးရန် သဘောတူညီချက်ထွက်အပြီးတွင် ကမ္ဘာ့ရေနံဈေးနှုန်းသည် ငါးရာခိုင်နှုန်းဝန်းကျင်မြင့်တက်ခဲ့သည်။
ကာတာနိုင်ငံသည် ရေနံတင်ပို့ ရောင်းချသည့်နိုင်ငံများအဖွဲ့(အိုပက်)၏ အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။
အိုပက်အဖွဲ့အစည်းအဝေးကို ဒီဇင်ဘာ ၆ ရက်၌ စတင်ကျင်းပရန်ရှိပြီး ယင်း၌ ရေနံထုတ်လုပ်မှုလျှော့ချရေး ဆုံးဖြတ်ဖွယ်ရှိကြောင်း မျှော်လင့်လျက် ဒီဇင်ဘာ ၃ ရက်တွင် ရေနံဈေးနှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရေနံစိမ်းသည် အမေရိကန်နှင့်တရုတ်တို့ အပြန်အလှန် အခွန်တိုးကောက်သည့် ကုန်စည်စာရင်းတွင် မပါဝင်သော်လည်း နှစ်ဘက်ကုန်သွယ်ရေးစစ်ပွဲအပစ်ရပ်သည့်ခြေလှမ်းက ရေနံစိမ်းဈေးကွက်အပေါ် သက်ရောက်မှုရှိကြောင်း ကုန်သည်များကပြောသည်။
ရေနံကုန်သည်များသည် အိုပက်အဖွဲ့ဝင်မဟုတ်သည့် ရုရှားလည်း တက်ရောက်မည့် အိုပက်အစည်းအဝေးကို စောင့်ကြည့်နေကြပြီး အောက်တိုဘာလထက်စာလျှင် ရေနံ(ဘီပီဒီယူနစ်) ၁ သန်းမှ ၁ ဒသမ ၄ သန်း အထိ လျှော့ချထုတ်လုပ်ရန် ဆုံးဖြတ်မည်ဟု ခန့်မှန်းနေကြသည်။ အောက်တိုဘာလတွင် အိုပက်၏ရေနံထုတ်လုပ်မှုသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့သည်။
ကာတာသည် အိုပက်အဖွဲ့ဝင်အဖြစ်မှ ဇန်နဝါရီလတွင် နုတ်ထွက်တော့မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်၌ ပြောဆိုခဲ့သည်။ ကာတာသည် ကမ္ဘာ့နံပါတ်တစ် သဘာဝဓာတ်ငွေ့ရည်(အယ်အင်န်ဂျီ)တင်ပို့သူဖြစ်ပြီး ရေနံထုတ်လုပ်မှုမှာ ဘီပီဒီ ၆၀ဝ၀ဝ၀ ဝန်းကျင်သာရှိသည်။
ရုရှား၏ ရေနံထုတ်လုပ်မှုမှာ နိုဝင်ဘာတွင် ဘီပီဒီ ၁၁ ဒသမ ၃၇ သန်းရှိပြီး ဆိုဗီယက်ခေတ်လွန်စံချိန်ဖြစ်သည့် အောက်တိုဘာလတွင် ဘီပီဒီ ၁၁ ဒသမ ၄၁ သန်း ထုတ်လုပ်ခဲ့ရာမှ ကျဆင်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ရေနံထုတ်လုပ်မှု တိုးတက်နေပြီး ရေနံစိမ်းထွက်ရှိမှုသည် ဘီပီဒီ ၁၁ ဒသမ ၅ သန်းကို ကျော်လွန်ခဲဲ့ကာ ၂၀၁၉ ခုနှစ်တွင် နောက်ထပ်တိုးတက်ထွက်ရှိမည်ဖြစ်ကြောင်း ဆန်းစစ်လေ့လာသူအများစုက မျှော်လင့်ကြသည်။

















