အာဖဂန်နစ္စတန်တွင် အမေရိကန်လေကြောင်းတိုက်ခိုက်မှုကြောင့် တာလီဘန် အဓိကခေါင်းဆောင်တစ်ဦး သေဆုံးသွားခဲ့သည်။
သေဆုံးသူ မူလာအဗ္ဗဒူမာနန် အာဟန်သည် တာလီဘန်၏ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သလို၊ အာဖဂန်တောင်ပိုင်း ဟဲလ်မန်ပြည်နယ် စစ်ဘက်အကြီးအကဲလည်း ဖြစ်သည်။
ဒီဇင်ဘာ ၁ ရက် ညပိုင်းက ဟဲလ်မန်ပြည်နယ် နော်ဇတ် ရပ်ကွက်တွင် အမေရိကန်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။
ဟဲလ်မန်ပြည်နယ် စစ်ဘက်အကြီးအကဲသေဆုံးမှုသည် တာလီဘန်အတွက် အဓိကထိုးနှက်ချက်ကြီးဖြစ်ကြောင်း၊ စိတ်ဓာတ်ပိုင်းအရ တာလီဘန်သည် များစွာကျဆင်းသွားနိုင်ကြောင်းဖြင့် အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ် ဒဲနစ်က ပြောသည်။
ဟဲလ်မန်ပြည်နယ်သည် ဗြိတိန် တပ်ဖွဲ့များ ရှစ်နှစ်ကြာတပ်စွဲခဲ့သောပြည်နယ်ဖြစ်သည်။ ၂၀၁၄ တွင် မြေပြင်တပ်များ ရုပ်သိမ်းပြီးနောက်ပိုင်း ပြည်နယ်ဧရိယာအများအပြားသည် တာလီဘန်လက်အောက်သို့ ပြန်ကျရောက်ခဲ့သည်။ ၂၀၁၄ နောက်ပိုင်း တာလီဘန်သည် အာဖဂန်တွင် ယခင်ထက်ပိုပြီး ဧရိယာများကို ထိန်းချုပ်လာနိုင်ခဲ့သည်။
အာဖဂန်နိုင်ငံသား ၁၅ သန်းခန့်သည် တာလီဘန် အုပ်ချုပ်မှုအောက် ရောက်နေသောဒေသများ၊ သို့မဟုတ် တာလီဘန်များ ပြောင်ပြောင်တင်းတင်း လှုပ်ရှားနေသော ဧရိယာများတွင် နေထိုင်နေရကြောင်းလည်း အစိုးရစာရင်းများက ဖော်ပြသည်။
တာလီဘန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးနိုင်ရန် အမေရိကန်နှင့် အာဖဂန်အစိုးရတို့က ကြိုးပမ်းလျက်ရှိပြီး တာလီဘန်ဘက်ကမူ အာဖဂန်အစိုးရနှင့် ဆွေးနွေးရန် ငြင်းဆန်ထားပြီး အမေရိကန်နှင့်သာ တိုက်ရိုက်ဆွေးနွေးမည်ဟု ဆိုထားသည်။

















