ကုန်သွယ်ရေးစစ်ပွဲအပစ်ရပ်သကဲ့သို့ သွင်းကုန်ခွန်တိုးကောက်မှုများ နှစ်ဘက်ရပ်စဲထားရန် သဘောတူခဲ့ပြီးနောက် အမေရိကန်လုပ်မော်တော်ကားများအပေါ် တရုတ်က အခွန်ကောက်ခံမှု လက်ရှိ ၄၀ ရာခိုင်နှုန်းရှိနေရာမှ အောက်သို့ လျှော့ချပေးလိမ့်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုခဲ့သည်။
အမေရိကန်နှင့်တရုတ်အကြား ကုန်သွယ်ရေးအငြင်းပွားမှုနှင့် အခြားရေးများကြောင့် ဆက်ဆံရေးတင်းမာခဲ့ပြီးနောက် အာဂျင်တီးနား၌ ဒီဇင်ဘာ ၁ ရက်က သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရှီကျင့်ဖျင်တို့တွေ့ဆုံခဲ့ရာတွင် နှစ်ဘက်အခွန်သစ် ကောက်ခံမှုကို ယာယီရပ်ဆိုင်းထားရန် သဘောတူခဲ့ကြသည်။
နှစ်နာရီခွဲကြာ တွေ့ဆုံမှုအတွင်း အမေရိကန်သည် ဇန်နဝါရီ ၁ ရက်မှစ၍ တရုတ်ကုန်စည်များကို အခွန်တိုးမကောက်ရန်၊ အမေရိကန်စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်ကပိုမိုဝယ်ယူရန် သဘောတူခဲ့ကြသည်။
ဉာဏမူပိုင်ခွင့်ကာကွယ်ရေး၊ အခွန်မဟုတ်သည့်အတားအဆီးများအရေးနှင့် ဆိုင်ဘာခိုးဝှက်မှုအရေးအပါအဝင် အခြားပြဿနာများကို ဖြေရှင်းရေး စတင်ဆွေးနွေးရန်လည်း သဘောတူခဲ့ကြသည်။
သို့သော် ရက် ၉၀ အတွင်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိပါက ၁၀ ရာခိုင်နှုန်းအခွန်တိုးကောက်ရန် သတ်မှတ်ထားသည့် တရုတ်ကုန်စည် ဒေါ်လာ ဘီလျံ ၂၀ဝ ဖိုးအပေါ် ၂၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းအိမ်ဖြူတော်ကပြောဆိုခဲ့သည်။
သဘောတူညီချက်ကို တရုတ်ပြည်သူ့နေ့စဉ်သတင်းစာက သတိနှင့်ကြိုဆိုလိုက်ပြီး ခြားနားချက်များဖြေရှင်းရန် နှစ်ဘက် အသက်ရှူချိန်ရသည့်အခိုက်အတန့်ဖြစ်ကြောင်း၊ နစ်နာချက်များ အမြန်ဆုံးပျောက်ကွယ်သွားရန်စေစားနိုင်သည့် ပဉ္စလက်တုတ်တံမရှိကြောင်း ခေါင်းကြီးပိ်ုင်းမှဖော်ပြခဲ့သည်။
သဘောတူညီချက်နှင့်ပတ်သက်၍ အနာဂတ်မရေရာသေးသော်လည်း တရုတ်ရှယ်ယာဈေး၊ ကုန်စည်နှင့် ယွမ်ငွေ တန်ဖိုးများ မြင့်တက်ခဲ့သည်။

















