ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ယူ-၂၁ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားများထွက်ပေါ်လာခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် ဒီဇင်ဘာ ၁၂ရက် ဒေသစံတော်ချိန် ညနေ၆နာရီတွင် တူဒိုကွင်း၌ အိမ်ရှင်ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အစားထိုးယှဉ်ပြိုင်
ဗီယက်နမ် ယူ-၂၁ ဖိတ်ခေါ်ပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ရက်မှ ၁၈ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်၊ မြန်မာ၊ မလေးရှားနှင့် တောင်ကိုရီးယား GIMHAE CFC ယူ-၂၁အသင်းတို့ အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲကို ယခင်က အင်ဒိုနီးရှားယူ-၂၁အသင်း ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့၍ GIMHAE CFC အသင်းက အစားထိုးယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။
ဖွင့်ပွဲအခမ်းအနား
ဒီဇင်ဘာ ၁၂ရက်တွင် ယှဉ်ပြိုင်မည့် ဗီယက်နမ်နှင့် မြန်မာအသင်းပွဲစဉ်မတိုင်မီ ညနေ ၃နာရီတွင် မလေးရှားနှင့် GIMHAE CFC အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းပွဲစဉ်အပြီး ညနေ ၅နာရီခွဲ၌ ဖွင့်ပွဲအခမ်းအနားပြုလုပ်မည်ဖြစ်သည်။ ထို့နောက် အုပ်စုဒုတိယပွဲအဖြစ် ဒီဇင်ဘာ ၁၄ရက် ညနေ ၃နာရီတွင် မြန်မာနှင့် GIMHAE CFC ၊ ညနေ ၅နာရီခွဲတွင် မလေးရှားနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် ဒီဇင်ဘာ၁၆ရက် ညနေ၃နာရီတွင် မြန်မာနှင့်မလေးရှား၊ ညနေ၅နာရီခွဲတွင် ဗီယက်နမ်နှင့် GIMHAE CFC အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
ထွက်ခွာမည်
ပြိုင်ပွဲ၏ တတိယနေရာလုပွဲကို ဒီဇင်ဘာ ၁၈ရက် ညနေ ၃နာရီတွင် ကျင်းပမည်ဖြစ်ပြီး ယင်းပွဲအပြီး ညနေ၅နာရီခွဲ၌ ပိတ်ပွဲအခမ်းအနားကို ကျင်းပမည်ဖြစ်သည်။ ထို့နောက် ညနေ ၅နာရီ ၄၅မိနစ်တွင် ဗိုလ်လုပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပွဲအပြီး၌ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်သည်။ ဖိတ်ခေါ်ပြိုင်ပွဲဝင်မည့် မြန်မာယူ-၂၁အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူမည်ဖြစ်သည်။















