ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သလို၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်သော ခါလီဒါ ဇီယာ ရွေးကောက်ပွဲဝင်ရန် ငြင်းပယ်ခံရမှုသည် လက်ရှိဝန်ကြီးချုပ်ဟာဆီနာ၏ အာဏာချုပ်ကိုင်မှုနှင့် အတိုက်အခံများကိုဖိနှိပ်မှုကို သက်သေပြကြောင်း ဝေဖန်နေကြသည်။
ခါလီဒါ ဇီယာသည် အကျင့်ပျက်ခြစားမှု နှစ်မှုဖြင့် ထောင်ဒဏ်ကျခံနေရသောကြောင့် လာမည့် ဒီဇင်ဘာ ၃၀ ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် သတ်မှတ်အရည်အချင်းများနှင့် မပြည့်စုံကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရက ထုတ်ပြန်ခဲ့သည်။
ရှေ့နေချုပ် မာဘူဘေ အာလမ်ကလည်း ထောင်ဒဏ် နှစ်နှစ်နှင့်အထက် ကျခံနေရသူများသည် ရွေးကောက်ပွဲ ဝင်ရောက်ခွင့်မရှိကြောင်း တရားရုံးချုပ် စီရင်ချက်ကို ကိုးကား၍ ပြောကြားခဲ့သည်။
အသက် ၇၃ နှစ်အရွယ် ဇီယာသည် အကျင့်ပျက်ခြစားမှုဖြင့် ယခုနှစ် ဖေဖော်ဝါရီတွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။
အောက်တိုဘာတွင်လည်း အခြားသော ပြစ်မှုတစ်ခုဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။
ထောင်ဒဏ်များသည် နိုင်ငံရေးအရ လုပ်ကြံခြင်းသာဖြစ်ကြောင်း ဇီယာ၏ ပါတီက စွပ်စွဲပြောကြားထားသည်။
ဇီယာသည် လွှတ်တော်နေရာ သုံးနေရာအတွက် အမည်စာရင်းတင်သွင်းခံထားရသည်။ အစိုးရက ဇီယာကို ရွေးကောက်ပွဲဝင်ရန် အရည်အချင်းမပြည့်ဟု သတ်မှတ်ခြင်းကို ရှုတ်ချကြောင်း ဇီယာ၏ ဘင်္ဂလားဒေ့ရှ် နယ်ရှင်နယ်လစ်ပါတီ ခေါင်းဆောင် ရာဟူး ကာဘာ ရီဗီက ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
"ရွေးကောက်ပွဲဝင်ခွင့်မပေးတာဟာ ဇီယာကို နိုင်ငံရေးနဲ့ ဝေးဝေးထားရအောင် လက်ရှိအစိုးရရဲ့ အားထုတ်ချက်အဖြစ် မြင်နိုင်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရွေးကောက်ပွဲကို ဝန်ကြီးချုပ် ရှိတ် ဟာဆီနာက ဦးဆောင်ကျင်းပမည်ဖြစ်သလို၊ မစ္စ ဟာဆီနာသည် တတိယသက်တမ်းအတွက်လည်း ရွေးကောက်ပွဲ ဝင်သွားမည်ဖြစ်သည်။

















