ယနေ့ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀အချိန်က ရန်ကုန် - တိုက်ကြီး YBS ၉၀ ယာဉ်သည် ရန်ကုန် - ပြည်လမ်း တိုးဂိတ်အသစ်တွင် တိုးဂိတ်အသစ်၏အုတ်ခုံကို ဝင်တိုက်မိ၍ မီးလောင်ကာ အဆိုပါယာဉ်နှင့်လိုက်ပါလာသူ သံဃာနှစ်ပါးနှင့် ခရီးသည် ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ ရန်ကုန် - တိုက်ကြီးသို့ မောင်းနှင်သော မီနီဘတ်စ်YBS ၉၀ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ခရီးသည်များတင်၍ ရန်ကုန်မှတိုက်ကြီးသို့ ထွက်လာစဉ် ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် ၄၄/၂ နှင့်၄၄/၃အကြား Max highway myanmarတိုးဂိတ်အသစ်အဝင် ရှေ့မှသွားနေသော FUSOယာဉ်အုတ်ကားကို ကျော်တက်စဉ် ပွတ်တိုက်ပြီး ဘရိတ်ပေါက်ကာ တိုးဂိတ်အုတ်ခုံဖြင့် တိုက်မိခဲ့သည်။
ထို့ကြောင့် ဝါယာများရှော့ခ်ဖြစ်ကာ YBS ၉၀ မီးလောင်ခဲ့သည်။
ယာဉ်ပေါ်ပါ ခရီးသည်သံဃာတော် နှစ်ပါး၊အမျိုးသား ခုနစ်ဦး၊အမျိုးသမီး ၁၀ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
၎င်းတို့အနက်အချို့ကို တိုက်ကြီး ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး အမျိုးသမီးလေးဦးကို ရန်ကုန်ဆေးရုံကြီးသို့ (မစိုးရိမ်ရ)တင်ပို့ကုသခဲ့သည်။
အဆိုပါ မီးလောင်သော YBS ၉၀ ကို တိုက်ကြီး မီသတ်က မီးငြှိမ်းသတ်ခဲ့ပြီး ယာဉ်မောင်းကို တိုက်ကြီးမြို့မရဲစခန်းက ယာဉ်(ပ)၄၁ /၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်ထားသည်။
















