အမေရိကန်၊ ကနေဒါနှင့် ရုရှားအာကာသယာဉ်မှူးများ ဆိုယုဇ်ဒုံးယာဉ်ဖြင့် အာကာသသို့ အောင်မြင်စွာတက်ရောက်

အမေရိကန်၊ ကနေဒါနှင့် ရုရှားအာကာသယာဉ်မှူးများ ဆိုယုဇ်ဒုံးယာဉ်ဖြင့် အာကာသသို့ အောင်မြင်စွာတက်ရောက်

အောက်တိုဘာလတွင် ပစ်လွှတ်မှုမအောင်မမြင် ဖြစ်ခဲ့ပြီးနောက် အမေရိကန်၊ ကနေဒါနှင့် ရုရှားတို့မှ အာကာသယာဉ်မှူးတစ်ဦးစီ လိုက်ပါသည့် ဆိုယုဇ်ဒုံးပျံကို ဒီဇင်ဘာ ၃ ရက်၌ ကာဇက်စတန်ရှိ ပစ်လွှတ်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီဖြစ်သည်။

နိုင်ငံတကာအာကာသစခန်းသို့ ဦးတည်သည့် ယင်းပစ်လွှတ်မှုကို အာကာသယာဉ်မှူးနှစ်ဦးဖြင့် အောက်တိုဘာလ၌ စီစဉ်ခဲ့စဉ်က ပစ်လွှွတ်ပြီးမိနစ်ပိုင်းအတွင်း အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရသည်။ အာရုံခံကိရိယာတစ်ခုချို့ယွင်းခဲ့၍ ဖြစ်ကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီးနောက် ခရီးစဉ်ကို ပြန်လည်စီစဉ်ခဲ့ခြင်းဖြစ်သည်။

အာကာသယာဉ်မှူးများဖြစ်သည့် နာဆာမှ အန်နီမက်ကလိန်း၊ ကနေဒါအာကာသအေဂျင်စီမှ ဒေးဗစ်စိန့်ဂျော့ဂ်နှင့် ရုရှားအာကာသအေဂျင်စီ(ရော့စ်ကိုစ်မော့စ်)မှ အိုလက် ကိုနိုနန်ကိုတို့လိုက်ပါခဲ့ပြီး ရုရှားလုပ် အာကာသဒုံးယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ပစ်လွှတ်ပြီး ကိုးမိနစ်အကြာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဆိုယုဇ် အမ်အက်စ် ၁၁ အာကာသယာဉ်ဖြင့် ဝင်ရောက်မည်ဖြစ်ပြီး ကမ္ဘာကိုလေးပတ်ပတ်ပြီးနောက် နိုင်ငံတကာအာကာသစခန်းဖြင့် ချိတ်ဆက်မည် ဖြစ်သည်။

အာကာသယာဉ်မှူးသုံးဦးတို့သည် အာကာသတွင်း ခြောက်လကျော်နေထိုင်လျက် ဇီဝဗေဒ၊ ကမ္ဘာဂြိုဟ်ဆိုင်ရာသိပ္ပံနှင့် ရူပဗေဒနည်းပညာများ သုတေသနပြု စမ်းသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအာကာသစခန်းယာဉ်ပေါ်တွင် အခြား အမေရိကန်၊ ရုရှားနှင့် ဂျာမန်အာကာသယာဉ်မှူးများ စောင့်ကြိုနေကြပြီ ၄င်းတို့သုံးဦးက ဒီဇင်ဘာ ၂၀ ရက်တွင် ကမ္ဘာမြေသို့ ပြန်လာမည်ဖြစ်သည်။

ဆိုယုဇ်အာကာသယာဉ်သည် လက်ရှိတွင် နိုင်ငံတကာအာကာသစခန်းသို လူသယ်ယူနိုင်သည့်တစ်ခုတည်းသော အာကာသယာဉ်ဖြစ်ပြီး လာမည့်နှစ်များအတွင်း စပေ့စ်အိပ်က်စ်မှ ဒရဂွန်နှင့် ဘိုးအင်းမှ စတားလိုင်းနားယာဉ်များ ထပ်မံ ပေါ်ထွန်းလာမည်ဖြစ်သည်။