ငါးသိုင်းချောင်း - ဂွကားလမ်းပေါ်တွင် အုတ်ဖုတ်လုပ်သားများတင်ဆောင်လာသည့်ယာဉ် တိမ်းမှောက်မှုဖြစ် ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒီဇင်ဘာ ၃ ရက်က သိရသည်။
ဒီဇင်ဘာ ၂ ရက် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း - ဂွကားလမ်းပေါ်တွင် အုတ်ဖုတ် လုပ်သားများ တင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်သဖြင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၂ ဦး ဆေးရုံတင်ထားရကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ ပုသိမ်မြို့မှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ မောင်းနှင်လာသော အုတ်ဖုတ်လုပ်သားများတင်ဆောင်လာသည့် SKAT အမျိုးအစားယာဉ်သည် ငါးသိုင်းချောင်း - ဂွလမ်းပေါ် မိုင်တိုင် ၂၅ အရောက် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများကို ပုသိမ်ဆေးရုံနှင့်ရန်ကုန်ဆေးရုံကြီးတို့တွင် တင်ပို့ကုသထားရသောကြောင့် ယာဉ်မောင်း ကိုအရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကုန်းပြင်နယ်မြေ ရဲစခန်းက (ပ) ၁၇/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၄-က/၃၈၈/၃၃၇ အရ အမှုဖွင့်အရေးယူထားသည်။

















