မိုးပျံပူဖောင်း ဂတ်စ်အိုးပေါက်ကွဲကာ တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

မိုးပျံပူဖောင်း ဂတ်စ်အိုးပေါက်ကွဲကာ တစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ

ဝက်လက်မြို့တွင် စာဆိုတော်နေ့ ပွဲဈေးတန်းအတွင်း မိုးပျံပူဖောင်း ဂတ်စ်အိုးပေါက်ကွဲကာ တစ်ဦးသေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရမှု ဖြစ်ပွားခဲ့သည်။ 

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ပင်းဇင်း ကျေးရွာ၊ ရွှေဂူကြီး ဘုရားကျောင်းတိုက်တွင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၈ နာရီခွဲခန့်က ပြုလုပ်သည့် စာဆိုတော်ပွဲနေ့ အခမ်းအနား ပွဲဈေးတန်းတွင် ဂတ်စ်အိုး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ သပိတ်ကျင်းမြို့နယ်နေ ၃၁ နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဒူးအောက်ပိုင်း ခြေနှစ်ချောင်းပြတ်၊ မျက်နှာညိုမဲ ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။ 
ပေါက်ကွဲမှုဖြစ်ပွားစဉ် အနီးတွင်ရှိနေသည့် သေဆုံးသူ၏သားဖြစ်သူ ၅နှစ်အရွယ် ယောကျာ်းလေးတွင် ဝဲမျက်လုံး အစထိမှန် ဒဏ်ရာ ရရှိခဲ့သောကြောင့် ရွှေဘို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ 
ထို့ကြောင့် ပေါ့ဆစွာအသုံးပြုသူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ဝက်လက်မြို့မရဲစခန်းက (ပ) ၂၄၀/၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၄-က/၂၈၆ အရ အမှုဖွင့် အရေးယူထားသည်။