၀က်ဝယ်ရန်သွားရောက်သူ နေအိမ်အတွင်းဓားဒဏ်ရာများဖြင့် သေဆုံး

၀က်ဝယ်ရန်သွားရောက်သူ နေအိမ်အတွင်းဓားဒဏ်ရာများဖြင့် သေဆုံး

ထီးချိုင့်မြို့နယ်တွင် ဝက်ဝယ်ရန်သွားရောက်သူ နေအိမ်အတွင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက် ဒီဇင်ဘာလ ၃ ရက်နေ့က တွေ့ရှိခဲ့သည်။ 

အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် ထီးချိုင့်မြို့နယ်၊ ဂွေးပင်ချောင်း ကျေးရွာ၌ အမျိုးသားတစ်ဦး သေဆုံးကြောင်းသတင်းအရ ထီးချိုင့်မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ 
၎င်းကျေးရွာနေ ဖိုးသဲ(ခ)ချိုသဲအောင်(၂၉)နှစ်ကို နေအိမ်အပေါ်ထပ်၌ ဝဲ/ယာ လက်ပြင်၊ ဝဲကျောပြင်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁၀ ချက်ဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်း၏ဇနီးက တိုင်တန်းသဖြင့် ထီးချိုင့်မြို့မရဲစန်းက(ပ)၂၄၄/၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ 
စုံစမ်းချက်အရ သေဆုံးသူသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဇနီးဖြစ်သူနှင့် သမီးနှစ်ဦးတို့ကို တစ်ရွာတည်းနေ ယောက္ခမဖြစ်သူ ဦးသိန်းဆွေ၏ နေအိမ်သို့ ပို့ဆောင်ခဲ့ပြီး ဝက်ဝယ်ရန် တစ်ဦးတည်းထွက်သွားခဲ့သည်။
ထိုသို့ထွက်သွားရာမှ ၃ ရက်နေ့အထိ ပြန်လာခြင်းမရှိသဖြင့် ဇနီးဖြစ်သူက ၎င်းတို့နေအိမ်သို့ ပြန်လာစဉ် ခင်ပွန်းဖြစ်သူ ဖိုးသဲ(ခ)ချိုသဲအောင်ကို ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။ သေဆုံးမှုနှင့် ပတ်သက်၍သက်ဆိုင်ရာက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။