ပျောက်ဆုံးကျောင်းသား ၄၃ ဦးကိစ္စ စုံစမ်းစစ်ဆေးရေး မက္ကဆီကို သမ္မတသစ် အမှန်တရားကော်မရှင် ဖွဲ့စည်းပေး

ပျောက်ဆုံးကျောင်းသား ၄၃ ဦးကိစ္စ စုံစမ်းစစ်ဆေးရေး မက္ကဆီကို သမ္မတသစ် အမှန်တရားကော်မရှင် ဖွဲ့စည်းပေး

မက္ကဆီကို သမ္မတသစ် အန်ဒရေ မန်နျူရယ်  လိုပက်ဇ် အိုဘရာဒါသည် ပျောက်ဆုံးကျောင်းသား ၄၃ ဦးအရေး စုံစမ်းစစ်ဆေးရန်  အမှန်တရားကော်မရှင်ဖွဲ့စည်းရေး အမိန့်ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

၂၀၁၄ ခုနှစ်က အီဂွာလာမြို့တွင် ကျောင်းသားများ ပြန်ပေးဆွဲခံရကာ သတ်ဖြတ် အစဖျောက်ခံခဲ့ရသည်။ ထိုဖြစ်စဉ်တွင် မူးယစ်မှောင်ခိုဂိုဏ်းများသာမက ရဲတပ်ဖွဲ့ဝင်များပါ ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်များ ထွက်ပေါ်လျက်ရှိသည်။ 
သမ္မတ လိုပက်ဇ် အိုဘရာဒါ၏ သမ္မတ ရာထူး ပထမဆုံးရက်ဖြစ်သော ဒီဇင်ဘာ ၃ ရက်တွင် အထက်ပါ အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အသက် ၆၅ နှစ်အရွယ်  သမ္မတ လိုပက်ဇ် အိုဘရာဒါကို အမ်လိုဟုလည်း အတိုကောက်နာမည်ဖြင့် လူသိများပြီး၊ ဇူလိုင် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ကာ၊ ဒီဇင်ဘာ ၁ ရက်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ 
    ပျောက်ဆုံး ကျောင်းသား ၄၃ ဦးအရေး စုံစမ်းစစ်ဆေးရေးသည် သမ္မတ လိုပက်ဇ် အိုဘရာဒါ၏  ရွေးကောက်ပွဲ ကတိကဝတ်များထဲတွင်လည်း ပါဝင်သည်။ ရှေ့အစိုးရအဖွဲ့သည် ထိုကိစ္စ စုံစမ်းစစ်ဆေးမှု အားနည်းမှု၊ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူနိုင်စွမ်း မရှိမှုများကြောင့် နာမည်ပျက်ခဲ့ရသည်။ 
    သမ္မတ လိုပက်ဇ် အိုဘရာဒါသည် အခြားသော ရွေးကောက်ပွဲ ကတိများကိုလည်း စတင်အကောင်အထည်ဖော်လျက်ရှိသည်။

အစိုးရအဖွဲ့ ဇိမ်ခံသည့် အပြုအမူများ လျှော့ချရေး ကတိကဝတ်ဖြင့် သမ္မတစီး လေယာဉ်ကိုလည်း ရောင်းချကာ ဒီဇင်ဘာ ၂ ရက်မှ စတင်ပြီး သမ္မတခရီးစဉ်အတွက် ခရီးသည်တင်လေယာဉ်ကို အခြားသော ခရီးသည်များနှင့်အတူ စီးနင်းခဲ့သည်။