ဒုံးကျည်အစီအစဉ်များနှင့် ပတ်သက်ပြီး အီရန်ကို sanction(ပိတ်ဆို့အရေးယူမှု)အသစ်များ ချမှတ်ရန် ဥရောပနိုင်ငံများကို အမေရိကန်အစိုးရက တိုက်တွန်းပြောကြားလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွမ်ပိယိုနှင့် ဥရောပ တာဝန်ရှိသူများ ယခုသီတင်းပတ်အတွင်း ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် တွေ့ဆုံပွဲ မတိုင်ခင် အမေရိကန်အစိုးရက အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က အီရန်သည် တာလတ်ပစ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းကို အမေရိကန်နှင့် အခြားနိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့ကြသည်။
ဘရပ်ဆဲတွင် ဒီဇင်ဘာ ၃ ရက်က မစ္စတာ ပွမ်ပီယိုနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ တွေ့ဆုံရာတွင်လည်း အီရန်အရေး အဓိကထား ဆွေးနွေးခဲ့သည်။
မစ္စတာ ပွမ်ပီယိုသည် နေတိုး အဖွဲ့အစည်းအဝေး တက်ရောက်ရန် ဘယ်ဂျီယံသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံရာတွင် အီရန် အရေး ဖိအားပေးရန် စိစဉ်ထားသည်။
ဒုံးကျည်အစီအစဉ်သည် ကာကွယ်ရေးသက်သက်အတွက်သာဖြစ်သည်ဟု အီရန်က ဆိုထားခြင်းကို အီရန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဘရိုင်ရန် ဟွတ်ခ်က လက်မခံနိုင်ဟု ဆိုထားသည်။
အီရန်သည် ဒုံးကျည်များ ဆက်လက်စမ်းသပ်နေခြင်းသည် ဒေသတွင်း ခြိမ်းခြောက်ရာရောက်သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လိုလားချက်များကိုလည်း ဆန့်ကျင်ရာရောက်သည်ဟု မစ္စတာ ဟွတ်ခ်က ဆိုသည်။
အီရန်အား ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှု ချမှတ်ရန် ဥရောပနိုင်ငံများနှင့် ဆွေးနွေးမှု အရှိန်ရနေပြီဖြစ်ကြောင်းလည်း မစ္စတာ ဟွတ်ခ်က ပြောသည်။
ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်နေသော အီရန် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များကို ပိတ်ဆို့အရေးယူမှု ချမှတ်နိုင်ရန် အမေရိကန်က ကြိုးပမ်းလျက်ရှိနေသည်။

















