အမေရိကန်အကူအညီမပါဝင်ဘဲ ကွန်ဂိုရှိ အီဘိုလာဖြစ်ပွားမှုကို ရင်ဆိုင်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အကြီးအကဲ တဲဒရိုစ် အဓာန်နွမ် ဂီဘရီယဲဆပ်စ်က ဒီဇင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန( စီဒီစီ) မှ ဝန်ထမ်းများသည် ကွန်ဂိုရှိ လုံခြုံရေးအခြေအနေများကြောင့် ယင်းနိုင်ငံရှိ ရောဂါဖြစ်ပွားနေသည့် ဒေသများသို့ သွားရောက်ခွင့်မရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကွန်ဂိုရှိ သူပုန်တပ်ဖွဲ့များ၏အနှောင့်အယှက်ပေးမှုကြောင့် အီဘိုလာတိုက်ဖျက်ရေးလုပ်ငန်းများ ထိခိုက်နေရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ဖွဲ့စည်းပုံထက် နှစ်ဆခန့်ပိုကြီးသော စီဒီစီသည် လုံခြုံမှုရှိပါက ကွန်ဂိုသို့ ချက်ချင်းပြန်လာမည်ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အမေရိကန်ပြည်ထောင်စုက ငွေကြေးနှင့် အခြားအကူအညီပေးမှုကို လက်ခံကြိုဆိုနေဆဲဖြစ်သော်လည်း အမေရိကန်နှင့် အခြားဖွံ့ဖြိုးပြီးနိုင်ငံများသည် ကွန်ဂိုအရှေ့ပိုင်းရှိ အီဘိုလာဖြစ်ပွားနေသည့် ဒေသကဲ့သို့ ပဋိပက္ခရှိရာဒေသများသို့ ဝန်ထမ်းများကို စေလွှတ်ခြင်းမပြုရန် စည်းမျဉ်းများကို ထားရှိခဲ့သည်။
လုံခြုံရေးစည်းမျဉ်းတင်းကျပ်ခြင်းမရှိသည့် အခြားအဖွဲ့အစည်းများမှ အကူအညီတောင်းခံရမည်ဖြစ်ကြောင်း တဲဒရိုစ်ကပြောဆိုခဲ့သည်။
စီဒီစီမှ ကျွမ်းကျင်သူများ ကွန်ဂိုတွင်မရှိတော့မှုကြောင့် ထိခိုက်မှုများရှိနေကြောင်း နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ၏အီဘိုလာတုံ့ပြန်ရေးဌာနအကြီးအကဲ ဒေါက်တာ စတေစီမင်းစ်ကပြောဆိုခဲ့သည်။
ကွန်ဂို၌ အီဘိုလာဖြစ်ပွားသူ ၄၄၀ ဦးရှိနေပြီး သေဆုံးသူ ၂၅၅ ဦးရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တဲဒရိုစ်ကပြောဆိုခဲ့သည်။

















