သမ္မတဟောင်း ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ်၏ဈာပန ဒီဇင်ဘာ ၅ ရက် ကျင်းပမည်

သမ္မတဟောင်း ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ်၏ဈာပန ဒီဇင်ဘာ ၅ ရက် ကျင်းပမည်

ဒီဇင်ဘာ ၅ ရက်ကျင်းပမည့် အမေရိကန်သမ္မတဟောင်း ဂျော့ချ်အိပ်ချ်ဒဗလျူဘုရှ်(ဂျော့ချ်ဘုရှ် စီနီယာ)၏ ခန္ဓာကိုယ်ထားရှိရာ လွှတ်တော်အဆောက်အအုံသို့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့်ဇနီး မယ်လင်နီယာထရမ့်တို့ ဒီဇင်ဘာ ၃ ရက်ညနေပိုင်းတွင် သွားရောက်အလေးပြုခဲ့ကြသည်။

အတိတ်က ဘုရှ်မိသားစုနှင့် အချင်းများခဲ့သည့် ထရမ့်သည် ဈာပနအခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်သည်။ စစ်အေးတိုက်ပွဲအဆုံးသတ် ဆိုဗီယက်ယူနီယံပြိုကွဲချိန်တွင် ၄၁ ဦးမြောက် အမေရိကန်သမ္မတဖြစ်ခဲ့သည့် လက်ရှိ အသက် ၉၄ နှစ်အရွယ် ဂျော့ချ်ဘုရှ်စီနီယာ၏ ရုပ်ခန္ဓာထည့်သွင်းထားသည့် အခေါင်းကို အထူးလေကြောင်းခရီးစဉ် ၄၁ အဖြစ် ယာယီနာမည်ပြောင်းထားသည့် အဲဖို့စ်ဝမ်းလေယာဉ်ဖြင့် တက္ကဆက်မှ ဝါရှင်တန်သို့သယ်ဆောင်ထားခဲ့သည်။
    ဝါရှင်တန်မှတစ်ဆင့် တက္ကဆက်ရှိ ၄င်း၏ခြံဝင်းသို့သယ်ဆောင်ကာ ဇနီးသည်ဘာဘရာရှ်အုတ်ဂူဘေးတွင် ယှဉ်တွဲ မြှုပ်နှံမည်ဖြစ်သည်။ ဘုရှ်စီနီယာသည် ရီပတ်ဘလီကန်တစ်ဦးဖြစ်သော်လည်း ထရမ့်အား နှစ်သက်ခြင်းမရှိဘဲ လေလုံးထွားသူဟု မှတ်ချက်ပြုလျက် ထရမ့်၏ပြိုင်ဘက် ဟီလာရီကလင်တန်ကိုသာ မဲပေးခဲ့သည်ဟုဆိုသည်။ 
ထရမ့် ရီပတ်ဘလီကန် သမ္မတလောင်းဖြစ်လာသည်ကို မလိုလားဘဲ သားဖြစ်သူ သမ္မတဟောင်း ဂျော့ချ်ဒဗလျူဘုရှ်သည်သာ နောက်ဆုံးရီပတ်ဘလီကန်သမ္မတဖြစ်လိမ့်မည်ဟု စိုးရိမ်ပူပန်ခဲ့ကြောင်းလည်း အမေရိကန်သမ္မတများသမိုင်းရေးသူ စာရေးဆရာ အူဒီဂရိုပီက ဆိုသည်။
    ဆိုဗီယက်ယူနီယံပြိုကွဲချိန်တွင် ဘုရှ်စီနီယာက အမေရိကန်၏ဦးတည်ချက်ကို ပဲ့ကိုင်ခဲ့ကြောင်း၊ ပါရှန်ပင်လယ်ကွေ့ကို ကာကွယ်ရန်လိုအပ်ချက်ကိုလည်း ထိန်းသိမ်းခဲ့ကြောင်း အထက်လွှတ်တော် လူများစု ခေါင်းဆောင် မစ်ချ်မက်ကောနဲလ်က ပြောဆိုခဲ့သည်။ 
၄င်းနှင့်တွေ့ဆုံသူတိုင်းကို ကြင်နာမြှုုပသခဲ့သူဖြစ်ကြောင်း ဒုတိယသမ္မတ မိုက်ပန့်စ်ကပြောဆိုသည်။
    ဂျော့ချ်ဘုရှ်စီနီယာသည် ဒုတိယကမ္ဘာစစ်အတွင်းက တိုက်လေသူရဲအဖြစ် အမှုထမ်းခဲ့ပြီးနောက် စီအိုင်အေအကြီးအကဲလည်း ဖြစ်ခဲ့ကာ သမ္မတရော်နယ်ရီဂင်လက်အောက်တွင် ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ဆက် ထမ်းဆောင်ခဲ့ပြီးမှ သမ္မတ ဖြစ်လာခဲ့သူဖြစ်သည်။ 
ပြည်တွင်းရေးလျစ်လျူရှုသည်ဟု ထင်မြင်ခံရ၍ သမ္မတအဖြစ်မူ သက်တမ်းတစ်ဆက်သာတာဝန်ထမ်းဆောင်ခွင့်ရခဲ့သည်။