ဓာတ်ဆီ၊ဒီဇယ်သုံးမှု တားဆီးနိုင်ရန် ရုပ်ရှင်ထဲကလို အတိတ်ကိုသာ ပြန်သွားချင်မိကြောင်း အာနိုးပြော

ဓာတ်ဆီ၊ဒီဇယ်သုံးမှု တားဆီးနိုင်ရန် ရုပ်ရှင်ထဲကလို အတိတ်ကိုသာ ပြန်သွားချင်မိကြောင်း အာနိုးပြော

ရုပ်ကြွင်းလောင်စာမှ ထုတ်လုပ်သည့် ဓာတ်ဆီ၊ဒီဇယ်ဆီများ အသုံးပြုမှုကို ရပ်ဆိုင်းနိုင်ရေးအတွက် The Terminator ရုပ်ရှင်ကားထဲတွင် ပါဝင်ခဲ့သည့် စက်ရုပ်လူကဲ့သို့ပင် အတိတ်ကို ပြန်လည်ခရီးသွားချင်မိကြောင်း ဝါရင့်သရုပ်ဆောင် အာနိုး ရှာဗာဆန်နက်ဂါက ပြောဆိုခဲ့သည်။

ရုပ်ကြွင်းလောင်စာကို အသုံးမပြုမိဘဲ အခြားနည်းပညာကို အသုံးပြုခဲ့မိပါက လူသားများ ယခုထက် အခြေအနေ ပိုမိုကောင်းမွန်နေမည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးဟောင်း ရှာဗာဆန်နက်ဂါက ပိုလန်၌ ပြုလုပ်သည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံ၌ ဒီဇင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။
    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပါရီရာသီဥတုသဘောတူညီမှုမှ နုတ်ထွက်သွားပြီဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရေးအတွက် နိုင်ငံတကာသဘောတူညီမှုတွင် အမေရိကန်ပါဝင်နေဆဲဖြစ်ကြောင်း ရှာဗာဆန်နက်ဂါက ပြောဆိုခဲ့သည်။
    ထရမ့်သည် မက်စ်ဟက်ဂေဖြစ်သောကြောင့် စာချုပ်မှနုတ်ထွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ 
ယက်ဒစ်ဘာသာတွင် မက်စ်ဟက်ဂေသည် ရူးမိုက်ခြင်းဟု အဓိပ္ပာယ်ရသည်။ ရှာဗာဆန်နက်ဂါက ၎င်းပိုင်ဆိုင်သည့် ဟမ်းဗီးမော်တော်ယာဉ်များကို ဟိုက်ဒရိုဂျင်၊ လျှပ်စစ်၊ ဇီဝလောင်စာများဖြင့် မောင်းနှင်နိုင်အောင် ပြောင်းလဲခဲ့ပြီး တစ်ပတ်လျှင် သုံးရက်သာ အသားစားတော့ကြောင်း ပြောဆိုခဲ့သည်။
    အသားမှာ အရသာရှိသည်မှန်သော်လည်း စားသောက်နေထိုင်ပုံနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ အကြောင်းကို အလေးအနက်ထား စဉ်းစားရန်လိုအပ်နေပြီဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။