ကင်ဂျုံအွန် အလည်အပတ်လာမည့်ရက် အတိအကျ သတ်မှတ်ရသေးခြင်းမရှိဟု တောင်ကိုရီးယားသမ္မတ ပြော

ကင်ဂျုံအွန် အလည်အပတ်လာမည့်ရက် အတိအကျ သတ်မှတ်ရသေးခြင်းမရှိဟု တောင်ကိုရီးယားသမ္မတ ပြော

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်  တောင်ကိုရီးယားမြို့တော် ဆိုးလ်သို့ ချစ်ကြည်ရေးခရီး လာရောက်မည့်ရက်ကို အတိအကျ မသတ်မှတ်ရသေးကြောင်း တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ဒီဇင်ဘာ ၄  ရက်တွင် ပြောကြားသည်။

မစ္စတာ ကင်သည် ယခုနှစ်မကုန်ခင် ဆိုးလ်သို့ လာရောက်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ 

မစ္စတာ ကင်၏ ဆိုးလ် ခရီးစဉ်သည် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး လုပ်ငန်းစဉ်ကို အရှိန်ပိုရအောင် တွန်းအားပေးနိုင်မည်ဖြစ်သလို၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မစ္စတာ ကင်တို့ ဒုတိယအကြိမ် တွေ့ဆုံဖြစ်ရေးလည်း ပိုနီးစပ်စေမည်ဖြစ်ကြောင်း သမ္မတ မွန်းက ပြောသည်။ 
    တောင်မြောက်ကိုရီးယား နှစ်နိုင်ငံ ကွဲကွာခဲ့ရပြီးနောက်ပိုင်း မစ္စတာ ကင်သည် တောင်ကိုရီးယားသို့ ပထမဆုံး လာရောက်မည့် မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာမည်ဖြစ်ကြောင်း၊ အချိန်ကို တိကျစွာ သတ်မှတ်ရသေးခြင်း မရှိသည့်တိုင်၊ ထိုခရီးစဉ်ကို အလွန်ကို အဓိပ္ပာယ်ရှိမည့် ခရီးစဉ်ဖြစ်ကြောင်း သမ္မတ မွန်းက ပြောသည်။ 
    သမ္မတ မွန်းနှင့် ဇနီး ကင် ဂျွန်ဆုတို့သည် အာဂျင်တီးနားတွင် ဂျီ-၂၀ အစည်းအဝေးတက်ပြီးနောက် ပစိဖိတ်တောင်ပိုင်းက နယူးဇီလန်သို့ ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်ထိ သွားရောက်ခဲ့စဉ် မှတ်ချက်ပေး ပြောကြားခဲ့ခြင်းဖြစ်သည်။ 
ယခုနှစ်မကုန်ခင် မစ္စတာ ကင် ဆိုးလ်သို့ ချစ်ကြည်ရေးခရီး လာရောက်နိုင်ခြေ  များစွာရှိနေကြောင်း သမ္မတ မွန်းက ဖြည့်စွက်ပြောကြားသည်။ 
    သမ္မတ မွန်းသည် မစ္စတာ ကင်နှင့် ယခုနှစ်အတွင်း သုံးကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်သည်။

စက်တင်ဘာလက ပြုံယမ်း ခရီးစဉ်တွင်  တတိယအကြိမ်မြောက် တွေ့ဆုံပြီးနောက်  ၂၀၁၈ မကုန်ခင် ဆိုးလ်သို့ ချစ်ကြည်ရေးလာမည်ဟု မစ္စတာ ကင်က ကတိပြုခဲ့ကြောင်း သမ္မတ မွန်းက ပြောသည်။