ပြင်သစ်နိုင်ငံတွင် သုံးပတ်ကြာ ဆန္ဒပြအဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် အကြောင်းရင်းဖြစ်သည့် စက်သုံးဆီ အခွန်တိုးမြှင့်ကောက်ခံမှုကို ခြောက်လတာ ဆိုင်းငံ့လိုက်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် အက်ဒ်ဝပ်ဖိလစ်က ရုပ်မြင်သံကြားမှတစ်ဆင် ကြေညာခဲ့သည်။
အကြမ်းဖက်အဓိကရုဏ်းများ သုံးပတ်ကြာ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် ပြင်သစ်၌အသုုံးများသည့် ဒီဇယ်ဆီစျေးမြင့်တက်စေသည့် စက်သုံးဆီအပေါ်အခွန်တိုးကောက်ခြင်းကို ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။
ရုပ်ကြွင်းလောင်စာ အသုံးပြုမှုကို လျှော့ချပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အားပေးသည့် သမ္မတမာခရွန် အစိုးရ၏ မူဝါဒကို ယာဉ်မောင်းအများစုဖြစ်သည့် ဆန့်ကျင်သူများက နိုင်ငံတဝန်းလမ်းများပိတ်ဆို့ ဆန္ဒပြခဲ့ကြရာမှ အကြမ်းဖက်မှုများလည်း ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၃ ရက် မာဆေးမြို့အနီးရှိ အဓိက စက်သုံးဆီဖြန့််ဖြူးရာနေရာကို ဆန္ဒပြသူ ၅၀ ခန့်က ပိတ်ဆိုခဲ့၍ နိုင်ငံတဝန်း စက်သုံးဆီအရောင်းဆိုင်များ အခက်တွေ့ခဲ့သည်။
ထို့အပြင် နိုင်ငံတဝန်းရှိ အလယ်တန်းကျောင်း ၁၀၀ ခန့်တွင်လည်း ပညာရေးစနစ်နှင့် စာမေးပွဲစနစ် ပြုပြင်ပြောင်းလဲရန် ကျောင်းသားများက ဆန္ဒပြခဲ့ကြသည်။ လူမှုလုံခြုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပေးရန်ရန်လည်း ပုဂ္ဂလိကလူနာတင်ယာဉ်မောင်းများက ဆန္ဒပြခဲ့ကြသည်။
၂၀၁၇ ခုနှစ် မေလတွင် ရွေးကောက်ခံခဲ့ရပြီးနောက်ပိုင်း သမ္မတ ဧမာနွေလ မာခရွန်အတွက် အပြင်းထန်ဆုံး လမ်းပေါ်ဆန္ဒပြမှုများဖြစ်ပြီး ယခုအပတ်အတွင်း ဆာဘီးရားသို့သွားမည့် ခရီးစဉ် ဖျက်သိမ်းခဲ့ရသည်။
ဆန္ဒပြမှုစတင်ခဲ့ချိန်မှစ၍ လေးဦးသေဆုံးခဲ့ပြီး ဖြစ်သည်။ ပါရီတွင် လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံတဝန်း လူ ၄၀၀ ကျော်အဖမ်းခံခဲ့ရကာ ကားဒါဇင်ချီ ပျက်စီးခဲ့သည်။

















