ပုသိမ်မြို့ရှိ KTV တစ်ခုတွင် ပိုက်ဆံမရှင်းဘဲ ထွက်သွားသည့် လူငယ် ၉ ဦးကို ပိုက်ဆံလိုက်တောင်းသည့် ဝန်ထမ်းအမျိုးသားအား ဓားဖြင့်ထိုးသတ်သည့်အမှုမှ ထွက်ပြေးသွားသူများအနက် ခြောက်ဦးကို ဒီဇင်ဘာ ၄ ရက်က ဖမ်းဆီးရမိခဲ့သည်။
ဒီဇင်ဘာ ၂ ရက် နံနက် ၂နာရီခွဲ အချိန်က ပုသိမ်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ဗိုလ်ဘဌေးလမ်းရှိ KTV တစ်ခုတွင် အမည်မသိလူငယ်ကိုးဦး လာရောက်စားသောက်ပြီး ပိုက်ဆံမရှင်းဘဲထွက်သွားသည်ကို ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်က ဗိုလ်ဘဌေးလမ်းပေါ်အထိ ကျသင့်ငွေလိုက်လံတောင်းခံရာမှ စကားများခဲ့ကြသည်။
ထိုလူငယ်ကိုးဦးထဲမှတစ်ဦးက လမ်းပေါ်တွင် ဆိုင်အလုပ်သမားဖြစ်သူ စိုင်းဝဏ္ဏကျော်ကို ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်။
စိုင်းဝဏ္ဏကျော်တွင် ယာဘက်နံစောင်း ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာဘက်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်တို့ရရှိခဲ့ပြီး ပုသိမ်ဆေးရုံကြီးသို့ပို့ဆောင်ဆေးကုသစဉ် သေဆုံးခဲ့သောကြောင့် ဓားဖြင့် ထိုးသူကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ပုသိမ်နယ်မြေ ရဲစခန်းက (ပ) ၅၃၄/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။
ဓားဖြင့်ထိုးသတ်ခဲ့သူ မြတ်ကိုကိုအောင် (၁၇ နှစ်) အပါအဝင် ခြောက်ဦးနှင့် သက်သေခံဓားကို ဖမ်းဆီးရမိခဲ့ပြီး အမှုတွင်ပါဝင်တိမ်းရှောင်သူ ၃ဦးကို စစ်ဆေးနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။
















