မန္တလေးမြို့မှ ထွက်ခွာလာသော "ငြိမ်းချမ်းရေးတွဲလက်များ"အမည်ရှိ ငြိမ်းချမ်းရေးသင်္ဘောသည် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့သို့ ဒီဇင်ဘာ ၈ရက်တွင် ရောက်ရှိဆိုက်ကပ်မည်ဖြစ်သည်။
ငြိမ်းချမ်းရေးသင်္ဘောကြီးသည် မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်များ အဆုံးသတ်ရပ်စဲရေးနှင့် ပြည်သူလူထုကြား လူမျိုးဘာသာမခွဲခြားဘဲ ငြိမ်းချမ်းရေးစိတ်ဓာတ် ပေါ်လွင် ထင်ရှားစေရန် ရည်ရွယ်ချက်ဖြင့် နိုဝင်ဘာ ၁၅ ရက်က မန္တလေးမြို့မှ စတင်ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
အဆိုပါသင်္ဘောကြီးသည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ စစ်ကိုင်း ၊ မြင်းမူ ၊ စမိတ်ခုံ ၊ ပခုက္ကူ ၊ ပုဂံ၊ ချောက်၊ စလေ၊ ရေနံချောင်း၊ မကွေး၊ နတ်မောက်၊ မလွန်၊ မိချောင်းရဲ၊ အောင်လံ၊ ပြည် ၊ ကံမ၊ ထုံးဘို၊ မြန်အောင်မြို့များတွင် ဆိုက်ကပ်ရပ်နားခဲ့ပြီးဖြစ်သည်။
ညောင်တုန်းသို့ ရောက်ရှိပြီးနောက် မအူပင်၊ တွံတေးမြို့များတွင် ဆိုက်ကပ်ရပ်နားမည်ဖြစ်ကာ ဒီဇင်ဘာ ၁၁ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။
ယခုငြိမ်းချမ်းရေးခရီးစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဌာနပိုင် ပြည်ကြီးတံခွန် (၄) ရေယာဉ်ဖြင့် ပြေးဆွဲပေးခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ရောက်ရှိချိန်တွင် ငြိမ်းချမ်းရေးသီချင်းများသီဆိုခြင်း၊ ငြိမ်းချမ်းရေးကဗျာများရွတ်ဆိုခြင်း၊ ငြိမ်းချမ်းရေးသရုပ်ဖော်ပြသခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။
















