ကွမ်းခြံကုန်းမြို့နယ်အတွင်း လုယက်မှုကျူးလွန်သူ သုံးဦးကို ဖမ်းမိ

ကွမ်းခြံကုန်းမြို့နယ်အတွင်း လုယက်မှုကျူးလွန်သူ သုံးဦးကို ဖမ်းမိ

ကွမ်းခြံကုန်းမြို့နယ်အတွင်း လုယက်မှုကျူးလွန်ခဲ့သူ သုံးဦးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၃ ရက်တွင် ဖမ်းဆီးအရေးယူခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကွမ်းခြံကုန်းမြို့နယ် တောင်ပိုင်းရပ်ကွက်နေ ဒေါ်သက်သက်စံက နေအိမ်တွင်ရှိနေစဉ် ၎င်း၏အစ်ကိုဖြစ်သူဦးသန်းဇော်သည် ဒဏ်များဖြင့် ဆေးရုံသို့ရောက်ရှိနေကြောင်း သိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။ 
သွားရောက်ကြည့်ရှုစဉ် အစ်ကိုဖြစ်သူဦးသန်းဇော်၌ရရှိထားသည့် ဒဏ်ရာများကြောင့် ကွမ်းခြံကုန်းဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ လွှဲပြောင်း ကုသခဲ့ရသည်ဟု ဆိုသည်။
ကမာပါရွာ၊ ရေထိန်းတံခါးသို့သွားသည့်လမ်းတွင် ၎င်း၏အစ်ကိုဖြစ်သူဦးသန်းဇော်ကို လူငယ်သုံးဦးက ဝိုင်းဝန်းရိုက်နှက်ပြီး စီးနင်းလာသော ဆိုင်ကယ်၊ HUAWEI ဖုန်းတစ်လုံး၊ ငွေ (၁၃၆၄၀ဝ)ကျပ်တို့ကိုလုယူထွက်ပြေးသွားကြောင်း သိရှိရ၍ ညီမဖြစ်သူဒေါ်သက်သက်စံက ကွမ်းခြံကုန်းမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ လှိုင်သာယာ မြို့နယ်နေသူများဖြစ်သည့် ဝေယံလင်း(ခ)ဒေးဗစ်ချန်း (၂၅)နှစ်နှင့် အပြင်ပဒံ ကျေးရွာနေ လှိုင်လှိုင်ထွန်း(ခ)အငယ်မ (၂၄)နှစ်တို့ကို ဒီဇင်ဘာ ၁ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် အမှုဖြင့်ဖမ်းဆီးခဲ့သည်။ 
ထို့ပြင် အမှုတွင်ပါဝင်သူ လှိုင်သာယာမြို့နယ်နေ နိုင်မျိုးအောင် (ခ) ကိုနိုင်(၂၄)နှစ်ကို ဒီဇင်ဘာ ၃ ရက်နေ့ က ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့် အရေးယူထားသည်။