ပုံမှန်မဟုတ်သော တိရစ္ဆာန်အရေခွံများ အသုံးပြုခြင်း ရှန်နယ် ဖက်ရှင်လုပ်ငန်း ရပ်ဆိုင်းမည်

ပုံမှန်မဟုတ်သော တိရစ္ဆာန်အရေခွံများ အသုံးပြုခြင်း ရှန်နယ် ဖက်ရှင်လုပ်ငန်း ရပ်ဆိုင်းမည်

တန်ဖိုးမြင့် ဖက်ရှင်ပစ္စည်းများ ထုတ်လုပ်သည့် ရှန်နယ် လုပ်ငန်းသည် မြွေ၊ မိချောင်း၊ ဖွတ်၊ ငါးလက်ထံ အရေခွံစသည့် ပုံမှန်မဟုတ်သော တိရစ္ဆာန်အရေခွံများဖြင့် ဖက်ရှင် အဝတ်အစားများ ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းတော့မည်ဖြစ်သည်။

နိုင်ငံတကာ ဖက်ရှင်လုပ်ငန်းကြီးများအနက် ပထမဆုံး ရပ်ဆိုင်းသည့် လုပ်ငန်းကြီးလည်း ဖြစ်သည်။ 

အထက်ဖော်ပြပါ သတ္တဝါများ၏ အရေခွံများကို လူ့အဖွဲ့အစည်း ကျင့်ဝတ်များနှင့် ကိုက်ညီသော နည်းလမ်းများဖြင့် စုဆောင်းရန် ခက်ခဲသထက် ခက်ခဲလာနေသဖြင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ရှန်နယ်၏ ဖက်ရှင်ဌာန အကြီးအကဲ ဘရူနို ပတ်ဗလိုစကီက ပြောသည်။ 
သားမွေးများဖြင့် ဖက်ရှင်အထည်များ ထုတ်လုပ်ခြင်းကိုလည်း ရပ်ဆိုင်းမည်ဖြစ်သည်။ ရှန်နယ်သည် ယခင်ကတည်းက သားမွေးထည်လိုင်းကို အနည်းငယ်သာ ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ 
    ယခု ဆုံးဖြတ်ချက်သည် ရှန်နယ်၏ လွတ်လပ်၍ အမှီအခိုကင်းသော ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ရှန်နယ်မှ ဒီဇိုင်းပညာရှင် ကားလ် လာဂါဖဲလ်ဒ်က ပြောသည်။ တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများကမူ ရှန်နယ်၏ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ကြသည်။ 
    ဒီဇင်ဘာ ၄ ရက်က စတင်ကာ စပါးကြီး မြွေရေခွံ အဝတ်အထည်၊ အသုံးအဆောင်များကို ရှန်နယ် အရောင်းဝက်ဘ်ဆိုက်မှ ဖြုတ်ချလိုက်ပြီဖြစ်ကြောင်းလည်း သတင်းများ ထွက်နေသည်။ 
မစ္စတာ ပတ်ဗလိုစကီကမူ ထုတ်လုပ်ထားပြီးသား ပစ္စည်းများကို ဆိုင်ပေါ်တွင် တဖြည်းဖြည်း နည်းသွားစေရန် အချိန်အတိုင်းအတာတစ်ခုအထိ ယူရမည်ဟု ဆိုထားသည်။ 
    ရှန်နယ်အနေဖြင့် အနာဂတ်တွင် သားရေနှင့် အခြားသော မွေးမြူရေးကဏ္ဍမှ လူ့ကျင့်ဝတ်စည်းမျဉ်းများနှင့်အညီ ရရှိမည့် အခြားကုန်ကြမ်းများကို အဓိကထား အသုံးပြုသွားရန် စီစဉ်နေကြောင်းလည်း မစ္စတာ ပတ်ဗလိုစကီက ပြောသည်။