ကျူးဘားအစိုးရက ယခုအပတ်အတွင်း၌ နိုင်ငံသားများအားလုံးကို မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုခွင့် အပြည့်အဝခွင့်ပြုတော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၄ ရက်ညက ကြေညာခဲ့သည်။
ဆက်သွယ်ရေးကဏ္ဍကိုချုပ်ကိုင်ထားသည့် ကျူးဘားနိုင်ငံပိုင် တယ်လီကွမ်းကုမ္ပဏီ အက်တက်ဆာဥက္ကဌ မေရာ အရီဗစ်ချ်က ကျူးဘားပြည်သူများ သရီးဂျီမိုဘိုင်းဝန်ဆောင်မှု စတင်ရရှိတော့မည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်ထိ ကျူးဘားများသည် နိုင်ငံတော်ကချုပ်ကိုင်ထားသည့် အီးမေးလ်အကောင့်များကိုသာ မိုဘိုင်းဖုန်းဖြင့် ဝင်ရောက်သုံးစွဲခွင့်ရနေသည်။
သရီးဂျီကွန်ရက်ကို အစိုးရဌာနများနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများသာ သုံးစွဲခွင့်ရခဲ့သည်။ ကွန်မြူနစ်အစိုးရ အုပ်ချုပ်သည့် ကျူးဘားသည် ကမ္ဘာပေါ်တွင် အင်တာနက်သုံးစွဲမှုအနည်းဆုံးနိုင်ငံဖြစ်ခဲ့ပြီး အမေရိကန်သမ္မတ ဘားရက် အိုဘားမားနှင့် ကျူးဘားသမ္မတ ရာအူးလ်ကက်စထရိုတို့ တွေ့ဆုံခဲ့သည့် ၂၀၁၄ ခုနှစ်မှစ၍ အင်တာနက်သုံးစွဲမှု တဟုန်ထိုး ကျယ်ပြန့်လာခဲ့သည်။ သမ္မတ ထရမ့်လက်ထက်တွင် ဆက်ဆံရေးပြန်လည်ကျဆင်းခဲ့သော်လည်း အင်တာနက်သုံးစွဲမှု တိုးတက်ခြင်းမှာ နှေးကွေးမသွားခဲ့ချေ။
၂၀၁၇ ခုနှစ်တွင် အိမ်သုံးအင်တာနက်အသုံးပြုခွင့် ရရှိခဲ့ပြီး အများသုံး ဝိုင်ဖိုင်စခန်းများလည်း ဖွင့်လှစ်ပေးခဲ့သည်။ ဝန်ဆောင်မှုအသစ်တွင်အခြေခံအားဖြင့် ၁ မဂ္ဂါဘိုက်လျှင် ၁၀ ဆင့်ခန့် ကျမည်ဖြစ်ပြီး မဂ္ဂါဘိုက် ၆၀ဝ လျှင် ၇ ဒေါ်လာခန့်၊ ၄ ဂဂ္ဂါဘိုက်လျှင် ဒေါ်လာ ၃၀ ခန့် ကျမည်ဖြစ်သည်။ ယင်းဈေးနှုန်းများသည် ကမ္ဘာ့ဈေးနှုန်းအရ မမြင့်မားသော်လည်း တစ်လလျင် ပျမ်းမျှလစာ ဒေါ်လာ ၃၀ ခန့်သာ ရရှိသည့် ကျူးဘားပြည်သူအများစု လက်လှမ်းမမီသည့်ဈေးနှုန်း ဖြစ်ကြောင်းလည်း သိရသည်။
ကျူးဘား အင်တာနက်အသုံးပြုမှုတွင် အများအားဖြင့် ဆင်ဆာဖြတ်တောက်မှု မရှိသော်လည်း အမေရိကန် ရန်ပုံငွေ ထောက်ပံ့သည့် ရေဒီယိုနှင့် ရုပ်မြင်သံကြားမာတီကွန်ရက်ကဲ့သို့ ဝက်ဘ်ဆိုက်များ၊ ကျူးဘားပြုပြင်ပြောင်းလဲရေးကို အကြံပေးသည့်ဝက်ဘ်ဆိုက်များကိုမူ ပိတ်ဆို့ထားသည်။

















