စီအိုင်အေ အသေးစိတ်ရှင်းပြပြီးနောက် ခါရှောဂီသတ်ဖြတ်မှုတွင် ဆော်ဒီအိမ်ရှေ့စံအပြစ်ရှိဟု ရီပတ်ဘလီကန်အမတ်များ ယုံကြည်

စီအိုင်အေ အသေးစိတ်ရှင်းပြပြီးနောက် ခါရှောဂီသတ်ဖြတ်မှုတွင် ဆော်ဒီအိမ်ရှေ့စံအပြစ်ရှိဟု ရီပတ်ဘလီကန်အမတ်များ ယုံကြည်

တူရကီရှိ ဆော်ဒီကောင်စစ်ဝန်ရုံးတွင် သတင်းသမားခါရှောဂီ သတ်ဖြတ်ခံခဲ့ရမှုကို စီအိုင်အေက အသေးစိတ် ရှင်းပြပြီးနောက် ရီပတ်ဘလီကန်ထိပ်တန်းအမတ်များအပါအဝင် အမေရိကန်လွှတ်တော်အမတ်အများအပြားသည် ခါရှောဂီ သေဆုံးမှုအတွက် ဆော်ဒီအိမ်ရှေ့စံတွင် အပြစ်ရှိကြောင်း ပိုမိုယုံကြည်လာကြသည်။

ခါရှောဂီသတ်ဖြတ်မှုကို ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသားမိုဟာမက် ဘင်ဆာလ်မန် ညွှန်ကြားစောင့်ကြည့်ခဲ့ကြောင်း ရီပတ်ဘလီကန်အမတ် ဘော့ဘ်ကိုကာက ပြောဆိုခဲ့သည်။

အတိုကောက် အမ်ဘီအက်စ်ဟုတွင်သည့် ဆော်ဒီအိမ်ရှေ့စံသည် ဂျုရီလူကြီးတစ်ဦးရှေ့မှောက် ရောက်ရှိပါက မိနစ် ၃၀ ခန့်အတွင်း လူသတ်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရလိမ့်မည် ဖြစ်ကြောင်းလည်း ကိုကာကပြောသည်။ 
    ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်များဖြစ်သည့် ဘော့ဘ်ကိုကာနှင့် လင်းဆေးဂရေဟမ်တို့သည် ခါရှောဂီ သတ်ဖြတ်မှုကိုအမိန့်ပေးခဲ့သည့် ဆော်ဒီအိမ်ရှေ့စံကိုအရေးယူရန်နှင့် ယီမင်စစ်ပွဲတွင် ဆော်ဒီဦးဆောင်ဆင်နွှဲရာ၌ အမေရိကန် ပါဝင်ခြင်းကို ကန့်သတ်ရန် လွှတ်တော်တွင် ဦးဆောင်လှုပ်ရှားနေကြသည်။ 
အခြားသော ရီပတ်ဘလီကန်အမတ် တစ်ဦးဖြစ်သည့် ရစ်ချတ်ရှဲလ်ဘီလည်း ခါရှောဂီအသတ်ခံရမှုအတွက် ဆော်ဒီထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဦးအပြစ်ပေးခံရမည်သာ ဖြစ်ကြောင်း၊ ဆော်ဒီအိမ်ရှေ့စံနှင့် ၄င်း၏လူများကို မည်သို့ခွဲခြားမည်ဆိုခြင်းမှာ မူဝါဒဆိုင်ရာ ပြဿနာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဒီမိုကရက်အမတ် ခရစ္စမာဖီကလည်း ယီမင်စစ်ပွဲမှ အမေရိကန်ထွက်ခွာရန် အချိန်ကျပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။
    စီအိုင်အေဒါရိုက်တာ ဂီနာ ဟာစပဲလ်သည် ပါတီနှစ်ရပ်လုံးမှ ထိပ်တန်းအမတ်များပါဝင်သည့် အုပ်စုငယ်တစ်ခုနှင့် တွေ့ဆုံပြီး ခါရှောဂီအသတ်ခံရမှုကိစ္စကို တင်ပြဆွေးနွေးခဲ့သည်။ လွန်ခဲ့သည့်အပတ်က အထက်လွွှတ်တော်အမတ်စုံညီကို နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုနှင့် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်တို့က ခါရှောဂီကိစ္စ ရှင်းလင်းရာတွင်မူ ဟာစပဲလ် ပါဝင်ခဲ့ခြင်း မရှိပေ။ 
ယင်းဝန်ကြီးနှစ်ဦးတို့က အထက်လွှတ်တော်အမတ်များအား ဆော်ဒီအာရေဗျအပေါ် ပိတ်ဆို့ပြစ်ဒဏ်ချမှတ်ခြင်း မပြုရန် ဖျောင်းဖြခဲ့ပြီး ယီမင်စစ်ပွဲတွင် ဆော်ဒီဦးဆောင်ပါဝင်မှုကို အမေရိကန်က ထောက်ပံ့ခြင်းသည်လည်း အရှေ့အလယ်ပိုင်းတွင် အီရန်လွှမ်းမိုးမှုကို တန်ပြန်ရန်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။