အမေရိကန်နှင့် သဘောတူထားသော ကုန်သွယ်ရေး ကတိကဝတ်များ အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု တရုတ် ကတိပြု

အမေရိကန်နှင့် သဘောတူထားသော ကုန်သွယ်ရေး ကတိကဝတ်များ အမြန်ဆုံး အကောင်အထည်ဖော်မည်ဟု တရုတ် ကတိပြု

အမေရိကန်နှင့် သဘောတူထားသော ကုန်သွယ်ရေး ကတိကဝတ်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်းဖြင့် တရုတ်အစိုးရ တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့် လပိုင်းများအတွင်း အမေရိကန်နှင့် တရုတ် ကုန်သွယ်ရေး စစ်ပွဲအရှိန်မြင့်တက်ကာ ဒေါ်လာဘီလျံချီသော ကုန်စည်များအပေါ် အပြန်အလှန် အခွန်တိုးကောက်ခဲ့ကြသည်။ ယခုသီတင်းပတ်အကုန် အာဂျင်တီးနားရှိ ဂျီ-၂၀ အစည်းအဝေးတွင်မှ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံကာ ကုန်သွယ်ရေးစစ်ပွဲ အပစ်ရပ်ရန် သဘောတူခဲ့သဖြင့် တင်းမာမှုများ လျော့ကျခဲ့ခြင်းဖြစ်သည်။ 
    လာမည့် ရက်ကိုးဆယ်အတွင်း အခွန်အသစ်များ တိုးကောက်ခြင်း ရပ်ဆိုင်းရေး နှစ်နိုင်ငံ သဘောတူညီခဲ့ကြသည်။ ထိုသဘောတူညီချက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာမည်ကို စိုးရိမ်မှုများ လျော့ကျသွားခဲ့သည်။ အမေရိကန်သည် ဒေါ်လာ ဘီလျံများစွာရှိသော တရုတ်ကုန်စည်များအပေါ် အခွန်တိုးကောက်မှုအသစ်များ လာမည့် နှစ်ဆန်းပိုင်းတွင် အသက်ဝင်လာမည်ဖြစ်ရာ နှစ်ဖက်သဘောတူညီချက်ကြောင့် ရက် ၉၀ ခန့် နောက်ဆုတ်သွားမည်ဖြစ်သည်။ 
    တရုတ်၏ မမျှတသော ကုန်သွယ်ရေးစနစ်ကြောင့် အမေရိကန်သည် ကုန်သွယ်ရေး လိုငွေပြနေသလို၊ တရုတ်သည် အမေရိကန် ကုမ္ပဏီများ၏ ဉာဏမူပိုင်ခွင့်များကို ခိုးယူနေကြောင်း အမေရိကန်အစိုးရက စွပ်စွဲထားသည်။ 
    ယခုနှစ် ဇူလိုင်က စတင်ကာ အမေရိကန်အစိုးရသည် တရုတ်ကုန်စည် ဒေါ်လာ ၂၅၀ ဘီလျံဖိုးအပေါ် အခွန်များ တိုးကောက်ခဲ့ပြီးဖြစ်သည်။ အမေရိကန်အစိုးရသည် သမိ်ုင်းတစ်လျှောက် အကြီးဆုံး ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေကြောင်း တရုတ်အစိုးရက တန်ပြန်စွပ်စွဲခဲ့ပြီး လက်ရှိအချိန်ထိ အမေရိကန်ကုန်စည် ဒေါ်လာ ၁၁၀ ဘီလျံဖိုးအပေါ် အခွန်များ တိုးကောက်ခဲ့ပြီးဖြစ်သည်။