ဘရာဇီးနိုင်ငံတွင် သေဆုံးသူ အမျိုးသမီး၏ သားအိမ်ဖြင့် အစားထိုးသောနည်းဖြင့် ပထမဆုံး မိန်းကလေး တစ်ဦးကို မွေးဖွားလိုက်နိုင်ပြီဖြစ်သည်။
ဆော်ပေါလိုမြို့တွင် ၂၀၁၆ ခုနှစ်က ဆယ်နာရီကြာ သားအိမ်အစားထိုးခွဲစိတ်ပြီးနောက် သန္ဓေပျိုးယူနည်းလမ်းများ အသုံးပြုကာ ကလေး မွေးဖွားလာသည်အထိ ဆေးပညာ အောင်မြင်မှု ရရှိခဲ့ခြင်းဖြစ်သည်။ မိခင်သည် အသက် ၃၂ နှစ်အရွယ်ဖြစ်ပြီး မွေးဖွားစဉ်ကတည်းက သားအိမ်ပါဝင်ခြင်း မရှိခဲ့သူဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် သက်ရှိ အမျိုးသမီးများက အခြား အမျိုးသမီးများကို သားအိမ်လှူဒါန်းမှုဖြင့် သားအိမ်အစားထိုးထည့်သွင်းမှု ၃၉ ကြိမ် ရှိခဲ့ပြီး၊ ၁၁ ကြိမ်တွင် ကလေးမွေးဖွားနိုင်ခဲ့သည်။
သေဆုံးသူ အမျိုးသမီးများ၏ သားအိမ်ကိုယူကာ အစားထိုးထည့်သွင်းပြီး ကိုယ်ဝန်ဆောင်မှု ဖြစ်စဉ် ရှေ့ပိုင်း ဆယ်ကြိမ်တွင်မူ မအောင်မြင်ခဲ့ဘဲ ကိုယ်ဝန်ပျက်ကျမှုများ ဖြစ်ပွားခဲ့ကာ ယခုအကြိမ်တွင်မှ အောင်မြင်ခြင်းဖြစ်သည်။
ယခုဖြစ်စဉ်တွင် သားအိမ်အလှူရှင်အမျိုးသမီးသည် အသက် ၄၀ အရွယ် ကလေးသုံးယောက်မိခင်ဖြစ်ပြီး ဦးနှောက်သွေးယိုကာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သားအိမ်လက်ခံသူ မာယာ ရိုကီတန်စကီ ကတ်စတာ ဟော်ဆာသည် မွေးရာပါ သားအိမ်ချို့ယွင်းဝေဒနာ ခံစားနေရသူဖြစ်သည်။
ဆရာဝန်များသည် ၎င်း၏ မမျိုးဥနှင့် ခင်ပွန်းဖြစ်သူ၏ သုတ်ပိုးတို့ကို ပြင်ပတွင် မျိုးအောင်စေပြီးနောက် အစားထိုးထည့်သွင်းထားသော သားအိမ်အတွင်းထည့်ကာ သန္ဓေတည်စေခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ဒီဇင်ဘာ ၁၅ တွင် ကိုယ်အလေးချိန် ခြောက်ပေါင်ရှိသော သမီးမိန်းကလေးကို အောင်မြင်စွာ မွေးဖွားခဲ့နိုင်ကြောင်း ဆော်ပေါလိုမြို့ ဆေးရုံမှ ဒေါက်တာ ဒါနီ အီဇန်ဘာ့ဂျ်က ပြောသည်။

















