သမ္မတထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖြစ်မှ နုတ်ထွက်ခဲ့ရသည့် မိုက်ကယ်ဖလင်းသည် ထရမ့်မဲဆွယ်အဖွဲ့နှင့် ရုရှားဆက်စပ်မှုဖြစ်နိုင်ခြေအား အထူးစုံစမ်းရေးအဖွဲ့က စုံစမ်းရာတွင် အဓိကကူညီပေးခဲ့သဖြင့် ၄င်းအား ထောင်ဒဏ်ချမှတ်ခြင်းမပြုရန် သက်ဆိုင်ရာတရားသူကြီးကို ရောဘတ်မူလာဦးဆောင်သည့် အထူးစုံစမ်းရေးမှူးအဖွဲ့က မေတ္တာရပ်ခံခဲ့သည်။
ဖလင်းနှင့် အစိုးရရှေ့နေများ တွေ့ဆုံမေးမြန်းမှု ၁၉ ကြိမ်ပြုလုပ်ခဲ့ခြင်းဖြင့် ရရှိခဲ့သည့်အချက်အလက်များက စုံစမ်းစစ်ဆေးရေးကို များစွာအထောက်အကူပြုခဲ့ခြင်းကြောင့် အပြစ်ရှိကြောင်း ဝန်ခံထားသည့် ဖလင်းအား ထောင်ဒဏ် ချမှတ်ခြင်းမပြုရန် မူလာက တရားသူကြီးကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
အခြားသော ရာဇဝတ်ကြောင်းဆိုင်ရာ စုံစမ်းမှုများကိုလည်း ဖလင်းက ပံ့ပိုးကူညီခဲ့ကြောင်း မူလာ၏ရုံးက ထုတ်ပြန်ခဲ့ပြီး စစ်ဆေးဆဲအမှုများဖြစ်၍ အသေးစိတ်ကို ထုတ်မပြောချေ။
အမေရိကန်ကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သည့် မိုက်ကယ်ဖလင်းသည် သမ္မတအိုဘားမားလက်ထက်တွင် စစ်ဘက်ထောက်လှမ်းရေးကိုဦးဆောင်ခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
သို့သော် ပြည်ပအစိုးရအဖွဲ့အစည်းထံမှ ငွေကြေး လက်ခံခဲ့မှု၊ အက်ဖ်ဘီအိုင်ထံ လိမ်ညာထွက်ဆိုခဲ့မှုတို့ဖြင့် အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ၂၄ ရက်သာ တာဝန်ထမ်းဆောင်ပြီးနောက် နုတ်ထွက်ခဲ့ရသည်။
ထရမ့်၏ မဲဆွယ်အဖွဲ့ ဒုတိယအကြီးအကဲ ရစ်ဂိတ်သည် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများနှင့် စုံစမ်းစစ်ဆေးသူများကို လိမ်ညာခဲ့ကြောင်း ဝန်ခံခဲ့သည်။ မဲဆွယ်အဖွဲ့အကြီးအကဲဟောင်း ပေါလ်မနာဖို့တ်သည် မသမာမှု၊ ဘဏ်စာရင်း လိမ်လည်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသည်။
၄င်းသည် ဝန်ခံမှုဖြင့် အပေးအယူလုပ်ခဲ့သော်လည်း အက်ဖ်ဘီအိုင်ထံ လိမ်ညာမှုဖြင် စွဲဆိုခံခဲ့ရသည်။
ထရမ့်၏ ပုဂ္ဂိုလ်ရေးရှေ့နေဟောင်း မိုက်ကယ်ကိုဟင်သည်လည်း ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ကာလအတွင်းက ရုရှားတွင် ထရမ့်၏ အိမ်ရာ စီးပွားရေးနှင့်ပတ်သက်၍ လိမ်ညာခဲ့ကြောင်း ဝန်ခံထားသည်။

















