အမေရိကန်အစိုးရသည် ဆိုမာလီယာနိုင်ငံတွင် ၂၈ နှစ်ကြာ ပိတ်ထားခဲ့သော သံရုံးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
အာဖရိက အရှေ့ပိုင်းရှိ ဆိုမာလီယာနိုင်ငံ သမိုင်းဝင် တိုးတက်မှုများကြောင့် သံရုံးပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ သံအမတ်ကြီး ဒေါ်နယ် ယာမာမိုတိုက ဆိုမာလီယာဆိုင်ရာ အမေရိကန် သံရုံးကို ဦးဆောင်မည်ဖြစ်ပြီး၊ ယခင်က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဆိုမာလီယာတွင် သူပုန်များနှင့် အစိုးရကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ၁၉၉၁ ဇန်နဝါရီက အမေရိကန်အစိုးရသည် ဝန်ထမ်းများကို လေကြောင်းမှတစ်ဆင့် ကယ်ထုတ်ခဲ့ရပြီးနောက်၌ သံရုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ်တွင်မှ အမေရိကန်သည် ဆိုမာလီယာ အစိုးရကို တရားဝင် ပြန်လည်အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
ဆိုမာလီယာတွင် ပိုမိုတည်ငြိမ်၊ ဒီမိုကရေစီ ပိုမိုဖွံ့ဖြိုး၊ စီးပွားပိုမိုတိုးတက်ရေးနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေရေး အားစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီသာ နော်အတ်က ပြောသည်။
ဆိုမာလီယာတွင် အယ်လ်ရှာဘတ် သူပုန်များ၏ အန္တရာယ် ကျန်ရှိနေသေးသည့်တိုင် မြို့တော် မိုဂါဒစ်ရှူးတွင် လုံခြုံရေး အခြေအနေသည် ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။ အာဖရိကတပ်ပေါင်းစုများ အကူအညီဖြင့် ၂၀၁၁ သြဂုတ်တွင် အယ်လ်ရှာဘတ် အကြမ်းဖက်အဖွဲ့ကို မြို့တော် မိုဂါဒစ်ရှူးနှင့် အဓိက ဒေသများမှ တိုက်ထုတ်နိုင်ခဲ့သည်။
သို့တိုင် မြို့တော် ဝန်းကျင်နှင့် ဒေသအများအပြားတွင် အယ်လ်ရှာဘတ်တို့ ကျန်ရှိနေပြီး ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများဖြင့် ခြိမ်းခြောက်နေဆဲဖြစ်သည်။
အယ်လ်ရှာဘတ် ချေမှုန်းရေး စစ်ဆင်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၇ မတ်လတွင် အရှိန်မြှင့်ခဲ့ပြီး၊ အမေရိကန်လေတပ်သည် လေကြောင်းတိုက်ခိုက်မှု နှစ်ဒါဇင်ကျော် ဆင်နွှဲခဲ့ကာ ဒရုန်းများဖြင့် တိုက်ခိုက်မှုပါ ပါဝင်သည်။

















