မရမ်းကုန်းမြို့နယ်တွင် အငှားယာဉ်မောင်းကို ဓားဖြင့်ထောက်ကာ ငွေနှင့် လက်ကိုင်ဖုန်းအပါအဝင် ယာဉ်ကို လုယူခဲ့သူ သုံးဦးကို သက်ဆိုင်ရာက ၂ နာရီအတွင်း ဖမ်းဆီးအရေးယူခဲ့သည်။
ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက် ၃ နာရီ အချိန် အငှားယာဉ်မောင်းအမျိုးသားတစ်ဦးသည် ၎င်းမောင်းနှင်သည့် PROBOX အဖြူရောင် အငှားယာဉ်ကို မောင်းနှင်နေစဉ် လှည်းတန်း မီးပွိုင့် အရောက် လူငယ်သုံးဦးက ဒဂုံတောင်ပိုင်းရှိ တည်းခိုခန်းတစ်ခုသို့ငွေ ၁၅၀ဝ၀ ကျပ်ဖြင့် ငှားရမ်း၍ မောင်းနှင် လိုက်ပါခဲ့သည်။
ထိုသို့မောင်းနှင်လာစဉ် မရမ်းကုန်းမြို့နယ် ဥက္ကလာပလမ်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်အနီးတွင် အပေါ့သွားမည်ဟု ပြောသဖြင့် ယာဉ်ကို ရပ်ပေးခဲ့စဉ် ၎င်းတို့သုံးဦး ယာဉ်ပေါ်မှ ဆင်းသွားခဲ့သည်။
ထို့နောက် လူငယ်တစ်ဦးက အငှားယာဉ်မောင်း၏လက်ကိုဆွဲ၍ ကျန်နှစ်ဦးတို့က ဓားဖြင့်ထောက်ကာ ယာဉ်ပေါ်မှဆင်းခိုင်းပြီး MI အမျိုးအစား ဖုန်းတစ်လုံး၊ ငွေ (၃၃၅၅၀)ကျပ်တို့ကို ယူကာ ယာဉ်ကိုလုယူမောင်းနှင်ထွက်ပြေးသွားခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မရမ်းကုန်းမြို့မ ရဲစခန်းက (ပ)၁၀၆၇/၁၈ အရ အမှုဖွင့်စုံစမ်းခဲ့သည်။ အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သည့် အဖွဲ့က ပြစ်မှုကျူးလွန်သူ သုံးဦးတို့ လုယူမောင်းနှင်ခဲ့သည့် ယာဉ်ကိုပိ်တ်ဆို့ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် လုယူခံရသည့် အငှားယာဉ်မှာ နံနက် ၅ နာရီအချိန်ခန့်က ဆရာစံလမ်းနှင့်ကမ္ဘာအေး ဘုရားလမ်း မီးပွိုင့်ကို ဖြတ်သန်းပြီး ဝဲဘက်လမ်းအတွင်းသို့ ကွေ့ဝင်သွားကြောင်း သတင်းရရှိခဲ့သည်။
ထို့ကြောင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ပုလဲလမ်းနှင့် ငမောက်လမ်းထိပ်တွင် PROBOX ယာဉ်နှင့်အတူ လုယက်မှုကျူးလွန်သူ သုံးဦးကို ဖမ်းမိခဲ့သည်။
ကျူးလွန်သူ သုံးဦးမှာ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်နေ ပန်သုကျော် (၁၈)နှစ်၊မရမ်းကုန်းမြို့နယ်နေ လျှမ်းကျော်ဇေယျ(ခ)ကျော်ဇေယျ(ခ)ကျော်ကြီး(၁၇)နှစ်နှင့် ကြို့ပင် ကောက်မြို့နယ်နေ ကောင်းဆက်လင်း(၁၇)နှစ်တို့ဖြစ်ပြီး အမှုဖွင့် အရေးယူထားသည်။

















