မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမည့် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ၏ ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယားမဲခွဲပွဲ အခမ်းအနား ကို ဒီဇင်ဘာ ၈ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲကို အိမ်ရှင်မြန်မာအသင်း နှင့်အတူ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို တက္ကသိုလ် လက်ရွေးစင်အသင်းများ အုပ်စု ပတ်လည်စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြ မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ကြမည့် အသင်းများသည် ဒီဇင်ဘာ ၇ ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက်၌ မဲခွဲပွဲ အခမ်းအနားပြုလုပ်မည်ဖြစ်သည်။
အာဆီယံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း တွင် တစ်ရက်လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပထမပွဲစဉ်ကို ညနေ ၃ နာရီတွင် လည်းကောင်း၊ ဒုတိယပွဲစဉ်ကို ည ၆ နာရီခွဲ တွင်လည်းကောင်း ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၉ ရက်မှ ၁၇ ရက်အထိကျင်းပမည်ဖြစ်ပြီး တတိယနေရာ လုပွဲနှင့် ဗိုလ်လုပွဲကို ဒီဇင်ဘာ ၁၉ ရက်၌ ကျင်းပမည်ဖြစ်သည်။















