သာကေတမြို့နယ်တွင် ဝိုင်ဘီအက်စ်ယာဉ်မောင်းတစ်ဦး တံခါးညပ်မိသေဆုံးမှု ဒီဇင်ဘာ ၄ ရက်နေ့ ကဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ ညနေ ၃ နာရီခန့်တွင် သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးပေါ်ရှိ အမှတ် ၇၂ ဝိုင်ဘီအက်စ်ဂိတ်တွင် ယာဉ်မောင်းတစ်ဦး တံခါးညပ်သေဆုံးနေကြောင်းသတင်းအရ ရဲအုပ်သန်းစိုးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူမှာ သာကေတမြို့နယ်နေ ယာဉ်မောင်း ထွန်းထွန်းလင်း(ခ)ဘော်လေး(၃၀ နှစ်)ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ ကားအတွင်းဘက်တွင်ရှိပြီး ဦးခေါင်းမှာ ကားတံခါး၏ အပြင်ဘက်တွင် ရောက်ရှိသေဆုံးနေခြင်းဖြစ်သည်။
သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ လည်ပင်းယာဘက်ဘေးညိုမဲဒဏ်ရာ၊ ဝဲပခုံးတွင်ညိုမဲပွန်းဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိခဲ့သည်။
ယာဉ်မောင်းအများစုသည် ယာဉ်အတက်အဆင်းတံခါးပေါက် အဖွင့်အပိတ်ခလုတ်ကို ဖွင့်၍ပြေးတက်ပြေးဆင်းပြုလုပ်တတ်ကြောင်း သက်ဆိုင်ရာကစုံစမ်းသိရှိခဲ့ရပြီး ထိုသို့ပြုလုပ်မိစဉ် ညပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယူဆထားသည်။
သေဆုံးသူမောင်းနှင်သည့်ယာဉ်မှာ ယာဉ်ထွက်ရမည့်အချိန်တွင် ယာဉ်မထွက်ဘဲဖြစ်နေသဖြင့် ယာဉ်လိုင်းဂိတ်မှူးနှင့် ယာဉ်မောင်းဟိန်းထက်အောင်တို့က သွားရောက်ကြည့်ရှုရာမှ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အလောင်းကို အရှေ့ပိုင်းခရိုင်ဆေးရုံသို့ပို့အပ်ရာ ပီအာရ် ၃၂၃ ဖြင့် လက်ခံထားပြီး သာကေတနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၀/၁၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
















