မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြွေချေးချွတ်ဆေးရည်ကို အချိုရည်ထင်မှတ်၍ သောက်သုံးခဲ့သူ အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့မှု ဒီဇင်ဘာ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ကြွေချေးချွတ်ဆေးရည်သောက်မိရာမှ သေဆုံးသူတစ်ဦး ဆေးရုံသို့ ရောက်နေကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှူး ဒုရဲမှူးဇော်ဝင်းနိုင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
ဆေးရည်သောက်မိသူမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ၁၂၇ လမ်းနေ အသက် ၇၂ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်သည်။
၎င်းသည် ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်ကနေအိမ်တွင် ရှိနေစဉ် အချိုရည်ပုလင်းဖြင့်ထည့်ထားသည့် အကယ်ဒမီကြွေပြားချေးချွတ်ဆေးရည်ကို အချိုရည်ထင်ကာ သောက်သုံးမိခဲ့ခြင်းဖြစ်သည်။
ထိုသို့သောက်သုံးမိသောကြောင့် သားဖြစ်သူက ဆေးရုံသို့တင်ပို့ကုသစဉ် သန်းခေါင်ကျော်အချိန်တွင် သေဆုံးခဲ့သည်။
အလောင်းကို ဆေးရုံက ပီအာရ် ၁၀၆ ဖြင့်လက်ခံထားပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂၂/၁၈ ဖြင့် အမှုဖွင့် အရေးယူထားသည်။
















