ပယောဂကုသမှုခံယူရန် လာသူက ဓားဖြင့်ထိုး၍ အိမ်ရှင်အမျိုးသမီးနှစ် ဦးဒဏ်ရာရ

ပယောဂကုသမှုခံယူရန် လာသူက ဓားဖြင့်ထိုး၍ အိမ်ရှင်အမျိုးသမီးနှစ် ဦးဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ်​တွင်​ "ပယောဂ"ကုသမှုခံယူရန်ရောက်ရှိလာသူက  ဓားဖြင့်ထိုးသဖြင့် အိမ်ရှင်အမျိုးသမီးနှစ် ဦး ဒဏ်ရာရရှိခဲ့မှု ဒီဇင်ဘာ ၄ ရက်ကဖြစ်​ပွား​ကြောင်းသိရသည်​။

အဆိုပါ​နေ့ ညနေ ၄ နာရီအချိန် ၊ မင်္ဂလာဒုံ မြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် ဓားထိုးမှုဖြစ်ပွား၍ ဒဏ်ရာရရှိကြောင်း သတင်းအရ မင်္ဂလာဒုံမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွား​ရောက်​ စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါရပ်ကွက်နေ ဒေါ်မိုးလှိုင်ကြည်အုံး(၃၇)နှစ် နေအိမ်၌ရှိနေစဉ် ပယောဂကုသသည့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးနိုင်နိုင်၏ တပည့်ဖြစ်သူ ဖြိုးမောင်မောင်(ခ)ကိုဖြိုးနှင့်အတူ ဒေါ်ဝင်းဝင်းသန်း၊ လှိုင်သာယာမြို့နယ်၊ (၁၉)ရပ်ကွက်နေ ဇော်မင်းထွဋ် (၃၂)နှစ်နှင့် ၎င်း၏ ဇနီး ဒေါ်အေးအေးထွန်းတို့ ​ရောက်ရှိလာခဲ့သည်ဟု ဆိုသည်​။

၄င်းတို့က ခင်ပွန်းဖြစ်သူ ဦးနိုင်နိုင်ထံတွင် ဇော်မင်းထွဋ်ကို ပယောဂကုသရန် ချိန်းဆိုထားကြောင်းပြော ခဲ့သဖြင့် ဒေါ်မိုးလှိုင်ကြည်အုံးနှင့် သမီးဖြစ်သူ မသဇင်နိုင်နိုင်တို့က နေအိမ် ဧည့်ခန်း၌ ဧည့်ခံ စကားပြောဆိုခဲ့သည်​။

ထို့သို့ပြောဆို​​နေစဉ်​ ဇော်မင်းထွဋ်က အပေါ့သွားမည်ဟု ပြောဆို ကာ နေအိမ် မီးဖိုချောင်အတွင်းသို့ဝင်​​ရောက်ခဲ့ပြီး  ကြက်သွန်လှီးဓားကို ယူဆောင်၍ ဒေါ်မိုးလှိုင်ကြည်အုံးနှင့် သမီးဖြစ်သူ မသဇင်နိုင်နိုင်တို့နှစ်ဦးကို ဓားနှင့်ထိုးသဖြင့်  ထိုးသွင်းဒဏ်ရာများရရှိခဲ့​ကြောင်း သိရသည်​။

မင်္ဂလာဒုံမြို့မရဲစခန်းက (ပ)၁၁၇၈/ ၁၈၊ ရာဇသတ်ကြီးဥပ​ဒေပုဒ်မ ၃၂၆/၃၂၄ အရ အမှုဖွင့် အရေးယူထားသည်​။