ဝက်ဝယ်ရန်သွားရောက်သူ နေအိမ်အတွင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းမိ

ဝက်ဝယ်ရန်သွားရောက်သူ နေအိမ်အတွင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိမှုမှ ပြစ်မှုကျူးလွန်သူကို ဖမ်းမိ

ထီးချိုင့်မြို့နယ်တွင် ဝက်ဝယ်ရန်သွားရောက်သူ အမျိုးသားအား နေအိမ်အတွင်းဓားဒဏ်ရာများဖြင့် သေဆုံးလျက် ဒီဇင်ဘာလ ၃ ရက်က တွေ့ရှိခဲ့သည့် အမှုမှ ပြစ်မှုကျူးလွန်သူကို ဒီဇင်ဘာ ၅ ရက်က ဖမ်းဆီးရမိခဲ့သည်။

ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီအချိန်ခန့်တွင် ထီးချိုင့်မြို့နယ်၊ ဂွေးပင်ချောင်း ကျေးရွာ၌ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ ထီးချိုင့်မြို့မရဲစခန်း မှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ယင်းကျေးရွာနေ ဖိုးသဲ(ခ)ချိုသဲအောင်(၂၉)နှစ်ကို နေအိမ်အပေါ်ထပ်၌ ဝဲ/ယာ လက်ပြင်၊ ဝဲကျောပြင်၊ ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၁၀ ချက်ဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် ထီးချိုင့်မြို့မရဲစန်း(ပ)၂၄၄/၁၈၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းခဲ့သည်။

စုံစမ်းချက်အရ ဖိုးသဲ(ခ)ချိုသဲအောင်သည် ဒီဇင်ဘာ ၁ ရက်က  ဇနီးဖြစ်သူ မော်လီမြင့်နှင့် သမီး ၂ ဦးတို့ကို တစ်ရွာတည်းနေ ယောက္ခမဖြစ်သူ ဦးသိန်းဆွေ၏ နေအိမ်သို့ ပို့ဆောင်ခဲ့ပြီး ဝက်ဝယ်ရန် တစ်ဦးတည်းထွက်သွားရာမှ ပြန်ရောက်မလာသဖြင့် ဇနီးဖြစ်သူက ၎င်းတို့နေအိမ်သို့ ပြန်လာစဉ် ခင်ပွန်းဖြစ်သူ ဖိုးသဲ(ခ)ချိုသဲအောင်ကို ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

အမှုနှင့် ပတ်သက်၍ ထီးချိုင့်မြို့မ ရဲခန်းမှူးဘချစ် နှင့်တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းခဲ့ပြီး အမှုဖြင့်မသင်္ကာသူ  ချွန်းတောင်ရွာနေ နေဇော်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာက အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

၄င်းကို စစ်ဆေးချက်များအရ အခင်းဖြစ်နေ့က ဖိုးသဲနှင့် နေဇော်တို့နှစ်ဦးအရက်အတူသောက်ပြီး နေဇော်က ဖိုးသဲအား အိမ်သို့လိုက်ပို့စဉ်  ဖိုးသဲ၏ နေအိမ်တွင် စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ နေဇော်က အရိုး/အသွား(၉)လက်မခန့်ရှိဓားဦးချွန်ဖြင့်ထိုးသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုသဖြင့် နေဇော်အား ထီးချိုင့်မြို့မရဲစခန်းက ဖမ်းဆီးအရေးယူခဲ့ခြင်း ဖြစ်သည်။