မကွေးမြို့တွင် ဆိုင်ကယ်တစ်စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသူ နှစ်ဦးကို စစ်ဆေးခဲ့ရာက ဆိုင်ကယ် ၂၈ စီးခိုးယူမှု ပေါ်ပေါက်ခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာ ၄ ရက် ည ၇ နာရီ အချိန်ခန့်တွင် မကွေးမြို့၊ ဗိုလ်ချုပ် ပန်းခြံအနီး၌ သက်ဆိုင်ရာက ဝပ်ကင်း ဆောင်ရွက် နေစဉ် နံပါတ်မပါ ဒါရမ်း-၁၂၅ ဖြူ/ပြာရောင် ဆိုင်ကယ်(၁)စီးအဖြင့် မသင်္ကာဖွယ်တွေ့ရှိသူ သာယာကုန်း ကျေးရွာ နေ လင်းလင်း(ခ)ဝဏ္ဏ၊ ၃၄ နှစ် နှင့် ၎င်း၏ ညီဖြစ်သူ ဆန်းထွန်းလင်း(ခ) ရဲထက်၊ ၂၅ နှစ် တို့ကို စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ် ဆိုင်ကယ် တူးဘောက် အတွင်းမှ ဆိုင်ကယ်သော့အုံအပျက်(၁)ခုကို တွေ့ရှိ သိမ်းဆည်းခဲ့ပြီး ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်နှင့်ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်ခြင်း မရှိခဲ့သဖြင့် ၄င်းတို့ ၂ ဦးကို ရဲအုပ် အေးမင်းထွန်းက တရားလိုပြုလုပ်၍ မကွေးမြို့၊ မြို့မရဲစခန်း (ပ)၁၄၈၀/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ကျင့် ၅၄အရ အမှုဖွင့်ကာ အခြားခိုးမှုများ နှင့်တိုက် ဆိုင်စစ်ဆေးခဲ့သည်။
အဆိုပါအမှုဖြင့် ဖမ်းဆီးထားသူ ၂ ဦးကို မကွေးမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းဝင်းဦးစီးသည့် အဖွဲ့ဖြင့် ဆက်လက်စစ်ဆေးချက်အရ မကွေးမြို့နယ်အတွင်းမှ စုစုပေါင်း ဆိုင်ကယ်(၂၈)စီးခိုးမှုပေါ်ပေါက်ခဲ့ပြီး ၄င်းတို့ ၂ ဦးခိုးယူခဲ့သည့် ဆိုင်ကယ်များကို ရောင်းချထားသည့် နေရာများမှ ဒီဇင်ဘာလ ၅ ရက်တွင် သိမ်းဆည်းခဲ့ပြီး အသီးသီး အမှုဖွင့်ဆောင်ရွက်ခဲ့သည်။
ခိုးယူခံရသည့် ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာသို့ ဆက်သွယ် အကြောင်းကြားရန် ရဲတပ်ဖွဲ့က ထုတ်ပြန် ထားသည်။

















