အပြန်အလှန် မှီခိုကြသော ဧရာဝတီမြစ်ပေါ်က လင်းပိုင်နှင့် တံငါသည်များ

အပြန်အလှန် မှီခိုကြသော ဧရာဝတီမြစ်ပေါ်က လင်းပိုင်နှင့် တံငါသည်များ

လင်းပိုင်တွေရဲ့ အကူအညီနဲ့ တံငါသည်တွေ ငါးဖမ်းတဲ့ ဓလေ့ထုံးတမ်းက မြန်မာနိုင်ငံမှာပဲရှိပါတယ်။ အထူးသဖြင့် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာတွေဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ထဲမှာ ဖြစ်ပါတယ်။

လူနဲ့ လင်းပိုင်နဲ့ အခုလို တစ်ဦးကိုတစ်ဦး အကျိုးပြုနေနိုင်တာကတော့ သဘာဝတရားက ပေးစွမ်းတဲ့ အလှတရားတစ်ခုလို့တောင်တင်စားနိုင်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အဆင်အခြင်မဲ့တဲ့ အပြုအမူတချို့ကြောင့် ရေလုပ်သားတွေနဲ့ ဧရာဝတီလင်းပိုင်တွေကြားကကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီလို့ တင်စားလို့ရတဲ့ သဘာဝမျှခြေဟာပျက်ယွင်းတော့မယ့် အခြေအနေတစ်ရပ်ကို ရောက်ရှိနေပါတယ်။

အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးတင်မြို့ဟာ ဧရာဝတီမြစ်ထဲမှာ လင်းပိုင်အကူအညီနဲ့ ငါးဖမ်းနေတာက ဘိုးဘွားစဉ်ဆက် လက်ထက်ကတည်းကပါ။ လင်းပိုင်ရဲ့အကူအညီနဲ့ ငါးဖမ်းတယ်ဆိုတာ ကျန်ဒေသက လူတွေအတွက် အထူးအဆန်းကြီး ဖြစ်ပေမဲ့ သူတို့အတွက်ကတော့မဆန်းတော့ပါဘူး။

"တံငါသမားက ပါးနပ်ရင် လင်းပိုင်နဲ့ လုပ်စားလို့လွယ်တယ်။လင်းပိုင်ရှိတဲ့နေရာမှာ ငါးရှိတယ်"လို့ မတ္တရာမြို့နယ်၊ မြေစွန်းရွာခံဦးတင်မြို့က ပြောပါတယ်။

ကမ္ဘာပေါ်မှာ လင်းပိုင်နဲ့ ဝေလငါးမျိုးစိတ်ပေါင်း ၈၀ ကျော်ရှိပြီး၊ အဲဒီထဲက ဧရာဝတီလင်းပိုင် အပါအဝင်  ငါးမျိုးလောက်ပဲ ရေချိုရှိရာမြစ်တွေထဲမှာ နေထိုင်ကျက်စားကြပါတယ်။ ဧရာဝတီမြစ်ထဲမှာကျက်စားတာကြောင့် ဧရာဝတီလင်းပိုင်လို့ ခေါ်တွင်သလို သူတို့ဟာမြန်မာနိုင်ငံရဲ့ ပင်လယ်ကမ်းရိုးတန်း ရေတိမ်ဒေသနဲ့ ရေချိုစပ်တဲ့နေရာတွေမှာလည်း ကျက်စားကြပါတယ်။ကျက်စားတဲ့ နေရာအပေါ်မူတည်ပြီး သူတို့ရဲ့ပုံစံတွေနဲ့ ဓလေ့စရိုက်တွေ အနည်းငယ်စီ ကွာခြားပါတယ်။ 

ဧရာဝတီလင်းပိုင်တွေက ယေဘုယျအားဖြင့် ငါးနှစ်ကနေ ကိုးနှစ်အတွင်း အရွယ်ရောက်ပါတယ်။ သွေးနွေးနို့တိုက်သတ္တဝါဖြစ်လို့တစ်ကြိမ် သားပေါက်ရင် တစ်ကောင်သာပေါက်ဖွားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ယေဘုယျအားဖြင့် ကိုးလကနေ ၁၄ လထိဖြစ်ပြီး၊ လင်းပိုင်အမတစ်ကောင်က သူ့သက်တမ်းမှာ ခုနစ်ကောင်အထိ အများဆုံး သားပေါက်နိုင်တယ်။ 

ဧရာဝတီလင်းပိုင်ရဲ့ မူလအရောင်က ခဲပြာရောင်ဖြစ်ပြီး၊ ဝမ်းဗိုက်အောက်ပိုင်းမှာတော့အနည်းငယ်ဖြူနေပါတယ်။ ပြုံးနေတဲ့ မျက်နှာပုံသဏ္ဌာန်ကတော့ ဧရာဝတီလင်းပိုင်ရဲ့ထင်ရှားတဲ့အမှတ်အသားတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ တခြားလင်းပိုင်မျိုးစိတ်တွေလိုချွန်နေတဲ့ နှုတ်သီးမပါရှိဘဲ မြင်လိုက်သူတိုင်းကို ပြုံးပြနေသယောင် ဖြစ်နေပါတယ်။

ဧရာဝတီမြစ်ထဲမှာ လင်းပိုင်တွေက အုပ်စုလိုက်နေထိုင်တတ်ကြပြီး တစ်အုပ်စုမှာ လင်းပိုင်ခြောက်ကောင်အထိ ပါဝင်တတ်ပါတယ်။ လင်းပိုင်အုပ်စုတစ်စုမှာ ဦးဆောင်ငါးဖမ်းတဲ့ လင်းပိုင်တစ်ကောင်သာ ပါဝင်ပါတယ်။ အများအားဖြင့် လင်းပိုင်အမတွေက ငါးဖမ်းလေ့ရှိပြီး အဲဒီလင်းပိုင်ကို ရိုက်လင်းပိုင်လို့ ရေလုပ်သားတွေက ခေါ်ပါတယ်။

ကျန်ရှိတဲ့ လင်းပိုင်တွေကတော့ ရေနက်ထဲကငါးတွေကို ရေလုပ်သားတွေရှိတဲ့ ဧရိယာထဲအထိ မောင်းသွင်းပေးကြပြီး၊ ငါးတွေ ထွက်မပြေးနိုင်အောင် ဝန်းရံပိတ်ဆို့ပေးထားကြပါတယ်။သူတို့ကို တိုက်လင်းပိုင်လို့ ရေလုပ်သားတွေက ခေါ်ကြပါတယ်။

တိုက်လင်းပိုင်တွေ မောင်းသွင်းလာတဲ့ ငါးတွေ လှေအနီး ရောက်လာတဲ့အချိန်မှာရိုက်လင်းပိုင်က ရေကို အမြီးနဲ့ရိုက်ပြီး တံငါသည်တွေကို ငါးတွေရောက်လာပြီဖြစ်ကြောင်းအချက်ပြပါတယ်။ အဲဒီအချိန်မှာ ရေလုပ်သားတွေက သူအချက်ပြတဲ့နေရာကို ပိုက်ကွန်ပစ်လိုက်ရုံပါပဲ။

လင်းပိုင်တွေ သူတို့အနားလာအောင် ရေလုပ်သားတွေက နည်းလမ်းအမျိုးမျိုးသုံးပြီး ခေါ်ယူကြပါတယ်။ တုတ်ချောင်းခေါက်ပြီး အသံပြုခေါ်ရတဲ့အချိန် ရှိသလို၊ ရေထဲကို လှော်တက်ပေါက်ပြီး ခေါ်ရတဲ့အခါလည်း ရှိပါတယ်။ တစ်ခါတလေမှာတော့ ရေထဲကို ကွန်ပစ်ပြပြီး လင်းပိုင်တွေကိုခေါ်ရပါတယ်။ ဒါကို "လင်းပိုင်ချော့တယ်" လို့ရေလုပ်သားတွေက ခေါ်ပါတယ်။ 

လင်းပိုင်တွေ ငါးလိုက်နေတဲ့အချိန်မှာ ရေလုပ်သားတွေက ကွန်ကို အသင့်ပြင်ထားရပါတယ်။ အလယ်မှာရှိတဲ့ ရိုက်လင်းပိုင်က အမြီးခတ်ပြီး အချက်ပြတဲ့အခါမှာတော့ ရေလုပ်သားက အသင့်ပြင်ထားတဲ့ကွန်နဲ့ ပစ်ပြီး ငါးဖမ်းရပါတယ်။ 

ဒါပေမဲ့ လင်းပိုင်တွေ ငါးဖမ်းပိုက်ထဲ ပါမသွားအောင်တော့ သတိကြီးကြီးထားပြီး ကွန်ပစ်ရတယ်လို့ တံငါသည်တွေက ဆိုပါတယ်။ လင်းပိုင်တွေက ကွန်ထဲပါသွားတဲ့ ငါးတွေကို ဖောက်ယူစားသောက်လိုက်တာမျိုး မရှိဘဲ ပိုက်ကွန်အပေါက်ကနေ ထွက်ပြေး၊ လျှံကျလာတဲ့ ငါးတွေကိုသာစားကြတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ 

ဧရာဝတီမြစ်ထဲ ကျင်လည်နေတဲ့ လင်းပိုင်တွေအနက် ဦးတင်မြို့တို့ ရေလုပ်သားတွေရင်းရင်းနှီးနှီး မှတ်မိနေတဲ့ လင်းပိုင်လေးကောင်ရှိပါတယ်။ ဂုံးမကြီး၊ လည်ဝိုင်းမနဲ့ ရွှေညီနောင်ဆိုတဲ့ လင်းပိုင်တွေဖြစ်ပါတယ်။ လူတွေ ငါးဖမ်းတဲ့အခါ ကူညီတတ်တာကြောင့် ရေလုပ်သားတွေကိုပဲ အဲဒီလင်းပိုင်တွေကို နာမည်တွေမှည့်ပေးခဲ့တာပါ။

ဂုံးမကြီးလို့ နာမည်ပေးထားတဲ့လင်းပိုင်ကတော့ အကြီးဆုံး လင်းပိုင်တွေထဲကတစ်ကောင်ဖြစ်ပြီး၊ သူနဲ့ ငါးဖမ်းတဲ့သူတွေဆိုရင် ပဲ့ထိန်းမကျွမ်းကျင်တဲ့သူကိုတောင် ငါးများများဖမ်းမိအောင် ဂုံးမကြီးက ကူညီတတ်တယ်လို့ ရွာသားတွေက ဆိုပါတယ်။

လည်ဝိုင်းမဆိုတဲ့ လင်းပိုင်မလေးကတော့ မွေးရာပါလည်ပင်းမှာ အဝိုင်းအရာထင်နေပြီး၊ သူ့မျက်နှာပြင်က တခြားလင်းပိုင်တွေနဲ့မတူပဲ ဝိုင်းစက်စက်လေးဖြစ်နေလို့ တံငါသည်တွေက အဲဒီ နာမည်ပေးထားတာပါ။ 

ရွှေညီနောင်လင်းပိုင်နှစ်ကောင်မှာတော့ တစ်ကောင်က လှေရှေ့နားကနေငါးဖမ်းတာကို ကူညီနေချိန်မှာ နောက်တစ်ကောင်က လှေနောက်ကနေကူညီပြီးငါးဖမ်းပေးတာကြောင့် ရွှေညီနောင်ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ရွှေညီနောင်နဲ့ငါးဖမ်းတဲ့အခါ ကွန်နှစ်စင်း တစ်ခါတည်း ပစ်ပြီး ငါးဖမ်းနိုင်တာကြောင့် ရေလုပ်သားတွေက အားရကျေနပ်တတ်ကြပါတယ်။ 

ဒါပေမဲ့ ဦးတင်မြို့တို့ ရေလုပ်သားတွေချစ်ခင်ကြတဲ့ ဧရာဝတီလင်းပိုင်တွေထဲက ဂုံးမကြီးနဲ့ လည်ဝိုင်းမကတော့ အခုအချိန်မှာ သက်ရှိထင်ရှားမရှိတော့ပါဘူး။ ဂုံးမကြီးကို ၂၀၁၅ နောက်ပိုင်း မတွေ့ရတော့တာပါ။ လည်ဝိုင်းမကတော့ဒီနှစ်မိုးတွင်းထဲမှာပဲ သေဆုံးခဲ့တယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။ 

"သူတို့က ကျွန်တော်တို့ကို တော်တော်အကျိုးပြုတယ်။ သူတို့သေတော့ ပိုပြီးစိတ်မကောင်းဖြစ်ကြရတယ်၊ ဝမ်းနည်းကြတယ်၊ လင်းပိုင်က မျှောပိုက်သုံးတဲ့သူတွေဆီမလာဘူး။ ကျွန်တော်တို့လို လက်ပစ်ကွန်သမားတွေကိုပဲ အကူအညီပေးတာ"လို့ ဦးတင်မြို့က ဧရာဝတီမြစ်ပြင်ကို ငေးကြည့်ရင်း ပြောပါတယ်။

သူတို့ကို အကူအညီပေးနေတဲ့ လင်းပိုင်တွေ ခုထက် ပိုလျော့နည်းသွားမှာကိုတော့ ရေလုပ်သားတွေက စိုးရိမ်ကြပါတယ်။ 

၂၀၁၈ မှာ မန္တလေးကနေ- ဗန်းမော်အထိ ဧရာဝတီမြစ်အတွင်း လင်းပိုင်စုစုပေါင်း အကောင်ရေ ၇၆ ကောင် ရှိတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမ·းဦးဟန်ဝင်းက ပြောပါတယ်။ သူ့အဆိုအရ ၂၀ဝ၀ ပြည့်နှစ်မှာ လင်းပိုင်ကောင်ရေ၇၂ ကောင်ဝန်းကျင် ရှိခဲ့ပြီး၊ အဲဒီနောက်ပိုင်းမှာ ကောင်ရေ ၆၀ လောက်အထိကျဆင်းခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၈ ထဲမှာတော့ ၇၀ ကျော်အထိ ပြန်လည်တိုးပွားလာပါပြီး ၂၀ဝ၀ ပြည့်နှစ်ကနဲ့ ယှဉ်ရင် သိသိသာသာ တိုးပွားလာတာတော့ မဟုတ်ပါဘူး။

ဒါ့ပြင် လင်းပိုင်သေဆုံးမှုတွေက အဆက်မပြတ်ရှိနေခဲ့ပါတယ်။ ၂၀ဝ၂ ကနေအခုအချိန်ထိ သေဆုံးသွားတဲ့ လင်းပိုင်ကောင်ရေက ၃၀ ကနေ ၄၀ အထိရှိခဲ့ပါတယ်။ ဒါကြောင့် လင်းပိုင်တွေရဲ့ မွေးဖွားနှုန်းနဲ့ သေဆုံးနှုန်းက ညီမျှနေပါတယ်။ 

အရှည် ခုနစ်ပေကျော်တဲ့ လင်းပိုင်တစ်ကောင်သေဆုံးရင် သဘာဝအတိုင်းသေဆုံးတယ်လို့ ယူဆနိုင်ပြီး၊ သဘာဝအတိုင်း သေဆုံးတဲ့လင်းပိုင်အရေအတွက်ဟာ ၁၀ ကောင်ထက် မပိုဘူးလို့ ဦးဟန်ဝင်းက ပြောပါတယ်။ 

"အဲဒီအကောင်တွေက သဘာဝအတိုင်းသေတာဆိုရင် ကျန်တဲ့အကောင်တွေက လူ့ပယောဂကြောင့် သေသွားတာ။ လူ့ပယောဂကြောင့် သေဆုံးမှုကိုတတ်နိုင်သလောက် လျှော့ချရင်တော့ ပိုများလာမှာပေါ့"လို့ ဦးဟန်ဝင်းကပြောပါတယ်။ 

လွန်ခဲ့တဲ့ဆယ်စုနှစ်လောက်ကဆိုရင် လင်းပိုင်သေတာက ဦးတင်မြို့တို့လိုမတ္တရာဒေသခံတွေအတွက် အထူးတဆန်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၆နောက်ပိုင်းမှာတော့ လင်းပိုင်သေဆုံးတာကို အဆက်မပြတ် မြင်တွေ့လာခဲ့ရတာမို့ သိပ်မထူးဆန်းတော့ပါဘူး။ 

"ဦးလေးတို့ငယ်ငယ်က သုံးနှစ်မှာ တစ်ကောင်တောင် သိပ်မသေဘူး။ အဲဒီတုန်းက လင်းပိုင်တွေ သေတယ်ဆိုရင် လူတိုင်း ဝမ်းနည်းကြတယ်။ အခုဆိုရင်တော့ တွေ့ဖူးနေကြဖြစ်နေပြီ။ တစ်နှစ်ကို သုံးကောင်လောက်သေနေတယ်။ ဒါတောင် မသိတာတွေက ရှိဦးမယ်"လို့ ဦးတင်မြို့က ပြောပါတယ်။

လူ့ပယောဂကြောင့် လင်းပိုင်သေဆုံးမှုမှာ လူတွေရဲ့ အဆင်အခြင်မဲ့တဲ့လုပ်ရပ်တွေ ပါဝင်ပြီး၊ ဒီအပြုအမူတွေဟာ လင်းပိုင်တွေကို အသက်အန္တရာယ်ဖြစ်စေတဲ့အပြင် အသက်ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်စေပါတယ်။ 

၂၀၁၆ မှာ စတွင်ကျယ်လာတဲ့ ဘက်ထရီနဲ့ လျှပ်စစ်ရှော့တိုက်ပြီး ငါးဖမ်းခြင်းနည်းလမ်းဟာဆိုရင် အကောင်းဆုံး ဥပမာတစ်ခုပါပဲ။ ဘက်ထရီကထုတ်လွှတ်တဲ့ လျှပ်စစ်ဓာတ်အားနဲ့ အဲဒီဓာတ်အားကြောင့် ဖြစ်ပေါ်လာတဲ့လျှပ်စစ်ရှော့ခ်ကြောင့် လင်းပိုင်အပါအဝင် ငါးတော်တော်များများဟာ လူတွေဓာတ်လိုက်တဲ့ဖြစ်စဉ်လိုပဲ သေဆုံးကြရပါတယ်။ ဘက်ထရီနဲ့ ရှော့တိုက်ငါးဖမ်းတဲ့နည်းလမ်း ခေတ်စားလာပြီး နောက်ပိုင်းမှာ လင်းပိုင်သေဆုံးမှု ပိုမို များပြားလာတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဘက်ထရီနဲ့ ရှော့ခ်တိုက်ပြီး ငါးဖမ်းတာအပြင်၊ ရေထဲအဆိပ်ချတာ၊မိုင်းခွဲပြီး ငါးဖမ်းတာတွေကလည်း လင်းပိုင်နဲ့ ငါးတွေကို အသက်အန္တရာယ်ဖြစ်စေပါတယ်။ 

ဒါ့ပြင် လူတွေရဲ့ အပြုအမူကြောင့် ငါးမျိုးစိတ်တွေ နေထိုင်ကျက်စားလို့မရအောင် ရေအဆမတန် ညစ်ညမ်းလာတာကလည်း လင်းပိုင်တွေအတွက်တော့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတစ်မျိုးပါပဲ။ ဥပမာအားဖြင့် စိုက်ပျိုးမြေတွေမှာ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးတွေကို အလွန်အကျွံ မှီခိုသုံးစွဲပြီး အဲဒီက စွန့်ပစ်တဲ့အရည်တွေဟာ လင်းပိုင်တွေကျက်စားရာ ရေထုဆီကို တစ်နည်းနည်းနဲ့ ရောက်ရှိသွားတာပဲ ဖြစ်ပါတယ်။

ဒါ့ပြင် အစိုးရအာဏာပိုင်တွေက စနစ်တကျ မကြပ်မတ်နိုင်တဲ့ စက်ရုံနဲ့ရွှေတူးဖော်တဲ့လုပ်ငန်းတွေရဲ့ အန္တရာယ်ရှိပြီး အဆိပ်အတောက်ပါဝင်တဲ့ စွန့်ပစ်ပစ္စည်း၊ အရည်တွေ ဧရာဝတီမြစ်ထဲ ရောက်ရှိလာတဲ့အခါမှာတော့ ငါးတွေနေထိုင်ရှင်သန်ဖို့ ခက်ခဲလာသလို လင်းပိုင်တွေအတွက် ရှင်သန် ရပ်တည်ရေးက ခြိမ်းခြောက်ခံရတဲ့အခြေအနေ ရောက်ရှိလာပါတယ်။

"ဧရာဝတီမြစ်ရဲ့ အရည်အသွေးကိုလည်း သုံးစွဲရန် သင့်မသင့်ဆိုတာတိတိကျကျ လေ့လာထားတာကလည်း သိပ်မရှိသေးဘူး။ ပိုပြီး လေ့လာဖို့ကတော့ လိုနေတယ်"လို့ ဦးဟန်ဝင်းကပြောပါတယ်။ 

သဘောကတော့ ငါးသယံဇာတ လျော့နည်းလာတာပဲဖြစ်ပါတယ်။ ဧရာဝတီမြစ်ဟာ လက်ရှိအချိန်အထိ လင်းပိုင်တွေရဲ့ အစာသယံဇာတဖြစ်တဲ့ ငါးတွေတဖြည်းဖြည်း လျော့နည်းစ ပြုနေပါပြီ။ သေဆုံးသွားတဲ့ လင်းပိုင်တချို့ကို ဗိုက်ခွဲစစ်ဆေးတဲ့အခါ ဗိုက်ထဲမှာ အစာ၊ အာဟာရနည်းပါးနေတာကို တွေ့ရှိရပြီး၊ဒီအချက်ဟာ ငါးသယံဇာတတွေ လျော့နည်းလာပြီဆိုတာကို သက်သေပြတာဖြစ်တယ်လို့ ဦးဟန်ဝင်းက ပြောပါတယ်။

ဒါ့ပြင် လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်က အချိန်တွေနဲ့ နှိုင်းယှဉ်ရင်လက်ရှိအချိန်မှာ ငါးသယံဇာတ လျော့နည်းလာတာကို သက်သေပြနိုင်တဲ့ နောက်တစ်ချက်လည်း ရှိပါသေးတယ်။ 

"ဒီမှာ အလုပ်လုပ်တာ အနှစ် ၂၀ သက်တမ်းရှိပြီ။ အခုလိုအချိန်ဆိုရင်ဧရာဝတီမြစ်ထဲမှာ ငါးပေါတုန်းပေါ့။ မျှောပိုက်သမားတစ်ယောက်က တစ်ခါဖမ်းရင် ပိုက်တစ်ချက်တည်းနဲ့ ပိဿာ ၂၀ လောက်ရတယ်။ အခုအချိန်မှာတော့ငါးပိဿာကနေ ၁၀ ပိဿာတောင် ငါးဖမ်းလို့ကောင်းတဲ့ ရာသီမှာပဲ ရတော့တယ်"လို့ ဦးဟန်ဝင်းက သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပါတယ်။ 

ကျောက်မြောင်းမြို့အတွင်းက ဧရာဝတီမြစ်ထဲမှာ လင်းပိုင်မပါဘဲငါးဖမ်းရင် ငါးပိဿာချိန် လေးပိဿာအထိ ရတတ်ပြီး၊ လင်းပိုင်အကူအညီနဲ့ဖမ်းတဲ့အခါမှာတော့ ငါးပိုရတယ်လို့ ဦးတင်မြို့က ပြောပါတယ်။ 

"အခုတော့ ရှော့ရှိလို့မရတော့ဘူး။ ဟိုတုန်းကဆိုရင် လင်းပိုင်နဲ့ဖမ်းရင်အချိန်ပိဿာ ၁၀ အထိ ပိုက်ကွန်တစ်ချက်ပစ်ရုံနဲ့ ရဖူးတယ်။ အခုကတော့တစ်ပိဿာလောက်ကိုတောင် တစ်ချက်နဲ့ရဖို့ မလွယ်တော့ဘူး"လို့ သူကပြောပါတယ်။ 

ရေလုပ်သားတွေအတွက် ပွင့်လင်းရာသီရောက်မှသာ လင်းပိုင်အကူအညီနဲ့ငါးဖမ်းလေ့ရှိပါတယ်။ အဲဒီအချိန်ဆိုရင် ဧရာဝတီမြစ်ထဲမှာ ငါးရှားပါးလာပြီးလင်းပိုင်တွေအတွက်လည်း ငါးဖမ်းသမားနဲ့ မပူးပေါင်းရင် ငါးစားရဖို့ မလွယ်ကူနိုင်ပါဘူးလို့ ရေလုပ်သားတွေက ပြောပါတယ်။ 

အခုနောက်ပိုင်းမှာတော့ ဘက်ထရီရှော့တိုက်ငါးဖမ်းတာတွေ များလာတာကြောင့် ရေလုပ်သားတွေရဲ့ လှေအနားကို လင်းပိုင်တွေ သိပ်မကပ်ရဲတော့ပါဘူး။ အကြောင်းကတော့ ရှော့တိုက်ခံရမှာကြောက်လို့ ဖြစ်နိုင်တယ်လို့ ရေလုပ်သားတွေက ဆိုပါတယ်။

ဒီလိုဖြစ်နေတာက ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင်တော့ လူတွေနဲ့ လင်းပိုင်တွေအကြား အပြန်အလှန် အမှီသဟဲပြုတဲ့ သဘာဝအလှတရားက နိုင်ငံခြားသား ခရီးသွားတွေအတွက် တကယ်ကို စိတ်ဝင်စားစရာ ဆွဲဆောင်မှုတစ်ခု ဖြစ်နေလို့ပါပဲ။ 

ကျောက်မြောင်းမြို့အတွင်းမှာ တည်ရှိတဲ့ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာမှာ ဒေသအခြေပြုခရီးသွားလုပ်ငန်းနဲ့ သဘာဝ အခြေခံခရီးသွားလုပ်ငန်းတွေ တိုးတက်လာဖို့ တာစူနေပါပြီ။ စတင်နေပါပြီ။

ဒီလုပ်ငန်းတွေ အောင်မြင်လာလို့ရှိရင် ဒေသခံတွေအတွက် ခရီးသွားလုပ်ငန်းကနေ တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိနိုင်ပါတယ်။ ဒါပေမဲ့ တကယ်လို့များ လူတွေရဲ့ အဆင်အခြင်မဲ့ပြီး လင်းပိုင်တွေအပေါ် အန္တရာယ်ဖြစ်စေတဲ့အပြုအမူတွေ ရပ်တန့်မသွားပဲ လူနဲ့ လင်းပိုင်အတူ ငါးဖမ်းတဲ့ သဘာဝဓလေ့သာ ပျက်ယွင်းသွားရင်တော့ ခရီးသွားလုပ်ငန်းလည်း အောင်မြင်ဖို့ အလားအလာ နည်းသွားနိုင်ပါတယ်။

"လင်းပိုင်တွေကို နိုင်ငံခြားသားတွေကိုတော့ ပြသနေကြတာပဲ။ ဒါပေမဲ့တစ်ချိန်တုန်းကလိုမျိုးတော့ သိပ်မလာတော့ဘူး။ သုံးခါလောက်ချော့မှ တစ်ခါလောက် ဦးတို့နားကပ်တော့တယ်။ ခေါ်မရဘူးဆိုရင်တော့ သူရှိနေရာကိုလိုက်ကြည့်နေရတယ်"လို့ ဝက်လက်မြို့နယ်၊ အင်ဒေါင်းကျေးရွာမှ ဦးမိုးမိုးကပြောပါတယ်။ 

လူတွေနဲ့ ဧရာဝတီလင်းပိုင်တွေအကြားက အပြန်အလှန်အကျိုးပြုတဲ့ သဘာဝမျှခြေကို ပြန်လည်ထိန်းညှိနိုင်ဖို့အတွက်လင်းပိုင်တွေကို အန္တရာယ်ဖြစ်စေတဲ့ လူတွေရဲ့ အဆင်ခြင်မဲ့ အပြုအမူတွေကို လျှော့ချတန်လျှော့ချပြီး၊ တားမြစ်တန်တားမြစ်ဖို့ လိုအပ်နေပါပြီ။ 

လက်ရှိအချိန်မှာတော့ အစိုးရရဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ အကျိုးအမြတ်မယူတဲ့ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာနိုင်ငံ အစီအစဉ်(Wildlife Conservation Society-Myanmar)တို့ ပူးပေါင်းပြီးလင်းပိုင်ထိန်းသိမ်းရေးအတွက် ပညာပေးလုပ်ငန်းအပါအဝင် အစီအစဉ်တချို့ကို လုပ်ဆောင်နေပါပြီ။

ဦးလေးတို့ငယ်ငယ်က သုံးနှစ်မှာ တစ်ကောင်တောင်သိပ်မသေဘူး။ အဲဒီတုန်းက လင်းပိုင်တွေ သေတယ်ဆိုရင် လူတိုင်း ဝမ်းနည်းကြတယ်။ အခုဆိုရင်တော့တွေ့ဖူးနေကြ ဖြစ်နေပြီ... 

 

ဒီလို တိုးချဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဧရာဝတီမြစ်ကြီးထဲမှာ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေ ပျောက်ကွယ်မသွားဖို့နဲ့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လင်းပိုင်နဲ့ တံငါသည်တွေရဲ့ သဟဇာတရှိရှိ အပြန်အလှန် အကျိုးပြုရင်း ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဓလေ့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ ဖြစ်ပါတယ်။ 

"ရေလုပ်သားနဲ့ လင်းပိုင်ကြားမှာ အပြုအမူနဲ့ ဘာသာပြန်တာကလည်း အံ့သြစရာကောင်းတယ်။ ဒါကြောင့် ဒီဓလေ့က မြန်မာမှာပဲ ရှိတယ်ဆိုပြီး ဦးစားပေးဖို့ ထိန်းဖို့လုပ်လိုက်တယ်။ ရေလုပ်သားတွေ လင်းပိုင်အကူအညီနဲ့  ငါးဖမ်းတဲ့ ဓလေ့လည်းကို မပျောက်ပျက်သွားအောင်လို့ လုပ်တာလည်းပါတယ်"လို့ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး လုပ်ငန်းတွေအပေါ် ဦးဟန်ဝင်းက သူ့အမြင်ကိုပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး