ထရမ့်က ကင်၏ဆန္ဒများ လိုက်လျောလိုကြောင်း မွန်းကို ပြောကြား

ထရမ့်က ကင်၏ဆန္ဒများ လိုက်လျောလိုကြောင်း မွန်းကို ပြောကြား

ဆိုးလ်  (တောင်ကိုရီးယား) - အကယ်၍ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း နျူကလီးယားလက်နက်များဖျက်သိမ်းပါက သမ္မတ ဒေါ်နယ်ထရမ့်က ကင်ဂျူံအန်းအပေါ် အလွန်ခင်မင်ရင်းနှီးသည့်အမြင် ထားရှိကာ ၎င်း၏ဆန္ဒများကို လိုက်လျောလိုကြောင်း ၎င်းကို ပြောကြားခဲ့သည်ဟု တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းက ပြောသည်။

မြောက်ကိုရီးယားသည် အမေရိကန်နိုင်ငံထံမှ လုံခြုံရေးအာမခံချက်များနှင့် နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုများသက်သာခွင့်ပေးရန် တောင်းခံထားသည်။ မြောက်ကိုရီးယားခေါင်းဆောင်သည် ၎င်းပြောကြားထားခဲ့သည့်အတိုင်း ယခုနှစ်အတွင်း ဆိုးလ်သို့ အလည်အပတ်လာရောက်ပါက  အဆိုပါစကားများကို ကင်သို့ ပြောကြားပေးရန် ထရမ့်က တောင်းဆိုလိုက်သည်ဟု သမ္မတရုံးက မွန်း၏ပြောကြားချက်ကို ကိုးကား ဖော်ပြလိုက်သည်။

ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲပြင်ပတွင် မွန်းက ထရမ့်နှင့်တွေ့ဆုံခဲ့ရာ အာဂျင်တီးနားမှ နယူးဇီလန်သို့ သမ္မတမွန်ခရီးစဉ်အတွင်း လေယာဉ်ပေါ်တွင် ဒီဇင်ဘာ ၁ ရက်က သတင်းထောက်များကို မွန်းက ပြောကြားခဲ့သည်။ စင်ကာပူတွင် ဇွန်လကပြုလုပ်ခဲ့သည့် ထိပ်သီးဆွေးနွေးပွဲမှ ကျန်ရှိနေသေးသည့် သဘောတူညီချက်များကို ထရမ့်က ၎င်းနှင့်အတူတကွ အစွမ်းကုန်လုပ်ဆောင်ရန် ကင်ကို မျှော်လင့်ထားကာ ထိုသို့လုပ်ဆောင်မှသာ ကင်လိုချင်သည့်အရာများရရှိမည်ဟု မွန်းက ပြောသည်။

ဆိုးလ်သို့လာမည့် ကင်၏ခရီးသည် အမေရိကန်နှင့် မြောက်ကိုရီးယား နျူကလီးယား သံတမန်ဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတစ်ခုအဖြစ်ရှိမည်ဖြစ်သည်ဟု မွန်းနှင့်ထရမ့်တို့၏ တွေ့ဆုံပွဲအတွင်း သဘောတူညီခဲ့ကြောင်း မွန်းကပြောသည်။ ယခုနှစ်ကုန်ပိုင်းတွင် ကင်သည် ဆိုးလ်သို့ လာရောက်လည်ပတ်မည်ဆိုသည်မှာ ယခုထက်အထိ မသဲကွဲသေးကြောင်းနှင့်မြောက်ကိုရီးယားခေါင်းဆောင်ပေါ်တွင် မူတည်ကြောင်း မွန်းကပြောသည်။

ထရမ့်နှင့်ကင် ထိပ်သီးဆွေးပွဲအပါအဝင် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားအကြား အဆင့်မြင့်ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးသည့်မွန်းသည် ယခုနှစ်အတွင်း ကင်ဂျူံအန်းနှင့် သုံးကြိမ်တွေ့ဆုံခဲ့သည်။

စက်တင်ဘာလက မြောက်ကိုရီးယားမြို့တော် ပြုံယန်းတွင် တတိယအကြိမ် တွေ့ဆုံပြီးနောက် ယခုနှစ်အတွင်း ဆိုးလ်သို့ အပြန်အလှန် လာရောက်လည်ပတ်ရန် ကင်က သဘောတူညီခဲ့သည်ဟု မွန်းက ပြောသည်။ အကယ်၍ကင်သည် ဆိုးလ်သို့ သွားရောက်လည်ပတ်ပါက ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ ပြီးဆုံးကတည်းက  ထိုသို့လည်ပတ်သည့် ပထမဦးဆုံး မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်မည်ဖြစ်သည်။ အဆိုပါ လာရောက် လည်ပတ်မှုသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် ကင်၏ အာမခံချက်နှင့် ကိုရီးယားနိုင်ငံ အချင်းချင်းဆက်ဆံရေး ပိုမိုကောင်းမွန်ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို သယ်ဆောင်လာမည်ဟု မွန်းဂျေအင်းက ပြောကြားခဲ့သည်။

နွယ်နွယ်ယဉ် ဘာသာပြန်သည်။