ဒူဘိုင်း (ယူအေအီး) ” စွမ်းအင်ကြွယ်ဝသည့် အာရပ်နိုင်ငံငယ်လေးဖြစ်သည့် ကာတာနိုင်ငံသည် ဇန်နဝါရီလတွင် အိုပက် (ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့) ကနုတ်ထွက်မည်ဟု ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ ရုတ်တရက် ကြေညာချက်ထုတ်ပြန်ခြင်းသည် အိုပက်အဖွဲ့ စတင်ဖွဲ့စည်းသည့် ၁၉၆၀ ပြည့်နှစ်မှစ၍ဆိုလျှင် ကာတာနိုင်ငံသည် အဖွဲ့ကနုတ်ထွက်သည့် ပထမဆုံး အရှေ့အလယ်ပိုင်းနိုင်ငံဖြစ်သည်။ ထိုသို့နုတ်ထွက်ခြင်းသည် ဂိုဏ်းဂနစွဲမရှိဟု အခိုင်အမာ ဆိုထားသည့် အိုပက်အဖွဲ့တွင်းသို့ နိုင်ငံရေးသဘောတရားနှင့် ပြဿနာများ သွတ်ခြင်းဖြစ်ကာ အိုပက်က ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းကျဆင်းခြင်းကို ရပ်တန့်ရန် ရေနံစိမ်းထုတ်လုပ်မှုကို လျှော့ချခြင်းကဲ့သို့သော သတင်းများပင် ရေးသားခဲ့ကြသည်။
အိုပက် ရေနံထုတ်လုပ်မှုအားလုံး၏ အစိတ်အပိုင်းအနည်းငယ်မျှသာ ထုတ်လုပ်သော်လည်း ကာတာနိုင်ငံ၏ဆုံးဖြတ်ချက်သည် အိုပက်အဖွဲ့၏ အရေးပါမှုကို မေးခွန်းထုတ်စရာဖြစ်သည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်းကရေနံတင်ပို့မှု ပိတ်ပင်ခြင်းဖြင့် အမေရိကန် စီးပွားရေးကို တဖြည်းဖြည်းနှင့် လုံးဝရပ်တန့်သွားအောင်ပင် ဖန်တီးနိုင်ခဲ့သည့် တစ်ချိန်က အားကောင်းခဲ့သော အိုပက်အဖွဲ့သည် ရေနံဈေးနှုန်း တစ်စည်လျှင် ဒေါ်လာ ၃၀ အောက် ကျဆင်းသွားပြီးနောက် ၂၀၁၆ ခုနှစ်တွင် ထုတ်လုပ်မှုလျှော့ချခြင်းကိစ္စ ပြီးမြောက်စေရန် ရုရှားကဲ့သို့ အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများလိုအပ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သည့် နိုင်ငံနေရာ ပြန်လည်ရရှိခဲ့သဖြင့် ထိုအခြေအနေမှာ ပြောင်းလဲနိုင်ဖွယ်မရှိပေ။
အိုပက်က နုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို ကာတာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဆက်ဒ်ရှီရီဒါအယ်လ် ကာဘီက ထုတ်ပြန်ကြေညာခဲ့သည်။ အငွေ့မှ အရည်အဖြစ် ပြောင်းလဲထားသော သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှု ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည့် ကာတာနိုင်ငံသည် ၎င်း၏တင်ပို့ရောင်းချမှုကို တစ်နှစ်လျှင် ဓာတ်ငွေ့တန်ချိန် ၇၇ သန်းမှ သန်း ၁၁၀ သို့ တိုးမြှင့်ရန် စီစဉ်ထားသည်ဟု ဝန်ကြီးကပြောသည်။ ကာတာနိုင်ငံသည် ရေနံထုတ်လုပ်မှုကိုလည်း တိုးမြှင့်လိုကြောင်း ၎င်းက ပြောသည်။ ဗီယင်နာအခြေစိုက် အိုပက်အဖွဲ့မှ ကာတာနုတ်ထွက်မှုကို ဝေဖန်ပြောကြားမှုမရှိဘဲ ဒီဇင်ဘာ ၆ ရက်တွင် ထုတ်လုပ်မှုလျှော့ရေးကို ဆွေးနွေးရန် တွေ့ဆုံကြမည်ဖြစ်သည်။
ကာတာသည် တစ်နေ့လျှင်ရေနံစိမ်း စည်ပေါင်း ၆၀ဝçဝ၀ဝ ခန့်သာ ထုတ်လုပ်ခြင်းဖြစ်ရာ အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံများထဲတွင် နံပါတ် ၁၁ ဖြစ်သည်။ တစ်နေ့လျှင် အိုပက်အဖွဲ့ ရောင်းချမှုအားလုံး၏ နှစ်ရာခိုင်နှုန်းအောက်သာရှိသဖြင့် ဈေးကွက်အတွင်း အိုပက်အဖွဲ့၏အနေအထားကို ကြီးကြီးမားမား ထိခိုက်မှုမရှိပေ။ နိုင်ငံတွင် သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်အဖြစ်ရှိနေသေးသည့် ကာတာဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာမက်ဒ်ဘင်ဂျက်ဆင်မ်အယ်လ်သာနီက အိုပက်အဖွဲ့က နုတ်ထွက်ခြင်းသည် အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်ဟုပြောသည်။
ဇွန်လ ၂၀၁၇ ခုနှစ်က ဘာရိန်း၊ အီဂျစ်၊ ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သည် နိုင်ငံရေးအငြင်းပွားမှုတစ်ခုကြောင့် ကာတာကို အဆက်အသွယ် ဖြတ်တောက်ခဲ့ကာ ထိုကိစ္စသည် ဆက်လက်ရှိနေသေးသည်။
အဆိုပါနိုင်ငံများက ကာတာသည် ဒေသတွင်းရှိ အစွန်းရောက်အုပ်စုများကို ထောက်ခံအားပေးခြင်းကြောင့် အငြင်းပွားမှု ပေါ်ပေါက်သည်ဟု ပြောသော်လည်း အဆိုပါ စွပ်စွဲချက်ကို ကာတာနိုင်ငံက ငြင်းဆိုခဲ့သည်။

















