အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်တပ်လိုအပ်ဟု မက္ကဆီကို သမ္မတသစ် ဆို

အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်တပ်လိုအပ်ဟု မက္ကဆီကို သမ္မတသစ် ဆို

မက္ကဆီကိုစီးတီး ” မက္ကဆီကို သမ္မတသစ် အန်ဒရေး မန်နျူရယ် လိုပက်စ် အိုဘရာဒါက အဓိက ပြဿနာများဖြစ်သော အကြမ်းဖက်မှုများနှင့် လူသတ်မှုများ မြင့်တက်နေမှုကို လျှော့ချရန် ပြည်သူ့လုံခြုံရေးအတွက် မက္ကဆီကို စစ်တပ်ကို တပ်ဖြန့်သွားရန် ဒီဇင်ဘာ ၂ ရက်တွင် ကတိပြုခဲ့သည်။ 

 

အဆိုပါ စီမံချက် အကောင်အထည်ဖော်ရန်အတွက် ကမ်းတက်တပ်သားများနှင့် စစ်တပ်ကို အသုံးပြုပြီး အမျိုးသားအစောင့်တပ်ဖွဲ့ ဖွဲ့စည်းခွင့်ရရှိရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို လုပ်ဆောင်ရမည်။ နိုဝင်ဘာလတွင် မက္ကဆီကို နိုင်ငံ တရားရုံးချုပ်က အလားတူ ဥပဒေရေးရာ မူဘောင်တစ်ခုကို ဖန်တီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင်ပြဌာန်းခဲ့သော အငြင်းပွားဖွယ် ဥပဒေ တစ်ရပ်ကို ပယ်ဖျက်ခဲ့ပြီး အဆိုပါ စီမံချက်က အများပြည်သူ လုံခြုံရေးတွင် စစ်တပ်အသုံးပြုရေးကို စနစ်ကျအောင်ပြုလုပ်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မကိုက်ညီသော လုပ်ဆောင်မှုတစ်ခုအဖြစ် ပြဋ္ဌာန်းခဲ့သည်။ 

ရဲတပ်ဖွဲ့များအတွင်း အမြစ်တွယ် လှိုက်စားနေသော အကျင့်ပျက်ခြစားမှုများနှင့် အရေးယူဆောင်ရွက်မှု အကျိုးမသက်ရောက်မှုတို့ကြောင့်  မက္ကဆီကိုနိုင်ငံက စစ်တပ်ကို အားထားအသုံးပြုပြီး မူးယစ်ဆေးဂိုဏ်းများကို နှစ်ပေါင်းများစွာ နှိမ်နင်းခဲ့ကြရသည်။ အဆိုပါ ကျယ်ပြန့်လှသော ရဲတပ်ဖွဲ့စစ်ဆင်ရေး၏ အခက်အခဲကို လူ့အခွင့်အရေးအုပ်စုများနှင့် စစ်တပ်တပ်မ·းများက ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

မက္ကဆီကို သမ္မတသစ် လိုပက်စ်က သမ္မတတာဝန်အရ ခရီးသွားရာတွင် အသုံးပြုသော ဂျက်လေယာဉ်ကို ရောင်းချရန် ဒီဇင်ဘာ ၃ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဘာနာဒီနိုသို့ ဂျက်လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်းသိရသည်။ အိပ်ခန်းများ၊ နှမ်းဖတ်ကျောက် ရေချိုးခန်းနှင့် အခြားဇိမ်ခန်းပစ္စည်းများပါဝင်သည့် ဘိုအင်း ၇၈၇  ဂျက်လေယာဉ် အမျိုးအစားကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်ဒေါ်လာ ၃၆၈ သန်းဖြင့် ဝယ်ယူခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် အန်းရစ် ပီနာ နီရယ်တို၏ ခြောက်နှစ်တာ သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် ရောင်းချရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ မက္ကဆီကိုနိုင်ငံက အစိုးရ အသုံးပြုသည့် အသေးစားလေယာဉ် အစင်း ၆၀ နှင့် ရဟတ်ယာဉ်အစင်း၇၀ ခန့်ကို ရောင်းချမည်ဟု ဘဏ္ဍာရေးဝန်ကြီးသစ် ကာလို့စ် အာဇူအာက ပြောသည်။ 

မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အီဘရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို နှင့် တွေ့ဆုံရန် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့သို့ ရောက်ရှိနေသည်။ မက္ကဆီကို သမ္မတသစ် အန်ဒရေး မန်နျူရယ် လိုပက်စ်၏ အဓိကထား ဆောင်ရွက်မည့် ကိစ္စရပ်မှာ လူဝင်မှုကြီးကြပ်ရေးဖြစ်သည်။

အမေရိကန်တွင် ခိုလှုံခွင့်ရရှိရန် မျှော်လင့်လျက်ရှိသော ဗဟိုအမေရိက ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာက  မက္ကဆီကို နယ်စပ် တီဟွားနားနှင့် မက်ဆီကာလီမြို့များတွင် ခေတ္တခိုလှုံလျက်ရှိသည်။ အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာမှာ မက္ကဆီကို အစိုးရသစ်၏ အဓိက ဦးစားပေး ဆောင်ရွက်ရမည့် အရာတစ်ခုဖြစ်လာခဲ့သည်။

ထို့ပြင် မက္ကဆီကို သမ္မတသစ်က သမ္မတ အိမ်တော်ကို ပြတိုက်အဖြစ် ပြောင်းလဲဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့သည်။ သစ်တောဖုံးလွှမ်းနေသော လော့စ် ပီနို့စ်အရပ်တွင် တည်ရှိသည့် သမ္မတ အိမ်တော်ကို ပြတိုက်အဖြစ် ဒီဇင်ဘာ ၁ ရက်တွင် ဖွင့်လှစ်၍ မက္ကဆီကို လက်ဝဲ ခေါင်းဆောင် သမ္မတသစ် အန်ဒရေးက ၎င်း၏ မဲဆွယ်စည်းရုံးရေး ပထမဆုံး ကတိကို အကောင်အထည် ဖော်ခဲ့သည်။ ၁၉၃၅ ခုနှစ်ကတည်းက မက္ကဆီကိုသမ္မတများ နေထိုင်ခဲ့သော သမ္မတအိမ်တော်ရှိ ကိုယ်ပိုင်စာကြည့်တိုက်များ၊  မီးဖိုချောင်များကို ပြည်သူလူထုက စတင်ဝင်ရောက် လေ့လာနိုင်သွားမည်ဖြစ်သည်။ သမ္မတအိမ်တော်ဝင်းအတွင်းရှိ သစ်ပင်မှစ၍ အခြား ပစ္စည်းများအားလုံး နိုင်ငံခြားက ဝယ်ယူတည်ဆောက်ထားခြင်း ဖြစ်ပြီး မက္ကဆီကိုနိုင်ငံ၏ ဈေးအကြီးဆုံးနှင့် ဇိမ်ခံပစ္စည်းအများဆုံး အဆောက်အဆောက်အအုံ တစ်ခုဖြစ်သည်။