ဖိလစ်ပိုင်သမ္မတကို ဝေဖန်ရေးသားသူ သတင်းစာဆရာမ အခွန်ရှောင်တိမ်းမှုဖြင့် အဖမ်းခံရ

ဖိလစ်ပိုင်သမ္မတကို ဝေဖန်ရေးသားသူ သတင်းစာဆရာမ အခွန်ရှောင်တိမ်းမှုဖြင့် အဖမ်းခံရ

မနီလာ ” အခွန်ရှောင်တိမ်းမှုဖြင့် တရားစွဲဆိုခံထားရသော ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းသတင်းဌာန တည်ထောင်သူ သည် ဒီဇင်ဘာ ၃ ရက်တွင် အာဏာပိုင်များထံ လာရောက်အဖမ်းခံခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ဝေဖန်မှုများခံနေရသော ဖိလစ်ပိုင်သမ္မတ ဒူတာတေး လက်ရှိအရေးယူဆောင်ရွက်မှုများအနက် နောက်ဆုံးတစ်ခုဖြစ်သည်။ 

ရက်ပ်လာ သတင်းအေဂျင်စီ အမှုဆောင်အရာရှိချုပ် မာရီယာ ရီဆာက ဒီဇင်ဘာ ၃ ရက်၌ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ တရားရုံးတွင် လာရောက်အဖမ်းခံခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ç၁၅၀ ဖြင့် အာမခံရရှိခဲ့သည်။ လွန်ခဲ့သည့်သီတင်းပတ်တွင် ရီဆာနှင့် ရက်ပလာ သတင်းအေဂျင်စီ တို့မှာ အခွန်ရှောင်တိမ်းမှုများဖြင့်  စွဲချက်တင်ခံခဲ့ရပြီး ဒူတာတေး၏ မူးယစ်စစ်ပွဲ ရက်စက်ကြမ်းကြုတ်မှုများကို ထုတ်ဖော်ပြသနေသည့် သတင်းဝက်ဘ်ဆိုက်ကို နှိပ်ကွပ်လို၍ အစိုးရက နိုင်ငံရေးအရ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရီဆာ ထောက်ခံအားပေးသူများက ပြောကြားခဲ့သည်။ 

သတင်းထောက်များ ကာကွယ်ရေးကော်မတီက ချီးမြှင့်သော သတင်းလွတ်လပ်ခွင့်ဆုကိုယူရန် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့သို့ ရီဆာ ရောက်ရှိနေစဉ်အတွင်း ရီဆာနှင့် ရက်ပ်လာ သတင်းအေဂျင်စီက ငြင်းဆိုထားသော အဆိုပါ စွဲချက်များကို ဖိလစ်ပိုင်အစိုးရက တင်ခဲ့ခြင်းဖြစ်သည်။ သူသည်  ဖိလစ်ပိုင်အခွန်ဥပဒေအရ ထောင်ဒဏ် အများဆုံး ၁၀ နှစ် ကျခံရဖွယ်ရှိသည်။ 

အဆိုပါစွဲချက်တင်မှုတွင် သမ္မတ ပါဝင်ပတ်သက်မှုရှိမရှိ၊ သို့မဟုတ် သတင်းထောက်လှမ်းမှုကြောင့် ရက်ပ်လာသတင်းဌာနကို ပစ်မှတ်ထား အရေးယူခြင်း ဟုတ်မဟုတ် နှင့် ပတ်သက်ပြီး ဒူတာတေး အစိုးရက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။ 

"ဒါက အခွန်ရှောင်တိမ်းမှု ပြသနာတစ်ခုပဲ။ အခွန်ဥပဒေကို ချိုးဖောက်ရင် တရားစွဲခံရမှာပဲ" ဟု ဖိလစ်ပိုင်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဆယ်ဗာဒေါ ပန်နယ်လိုကပြောကြားခဲ့သည်။

သို့သော် ရီဆာနှင့် ရက်ပ်လာ သတင်းအေဂျင်စီတို့ကို တင်ထားသော စွဲချက်များမှာ သတင်းအေဂျင်စီအား ]လုံခြုံရေး အရောင်းအဝယ်}ဟု သတ်မှတ်ထားကြောင်း ၎င်း၏ ရှေ့နေများက ထောက်ပြခဲ့သည်။ ၂၀၁၅ ခုနှစ် ငွေချေးစာချုပ် ရောင်းချရာတွင်  အမေရိကန်ဒေါ်လာ သုံးသန်းခန့် ရက်ပ်လာ သတင်းအေဂျင်စီ ရရှိခဲ့မှုဖြင့် အစိုးရက စွဲချက်များကို ဆက်နွှယ်ထားသည်။ 

အဆိုပါရောင်းချမှုအတွက် အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသော်လည်း ရက်ပ်လာ သတင်းအေဂျင်စီ ပေးဆောင်ရန် ကျန်ရှိနေသည့် အခွန်ပမာဏကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။ 

ဒူတာတေးက ရက်ပ်လာ သတင်းအေဂျင်စီ သတင်းထောက် ပီရာ ရန်နာဒါကိုလည်း သတင်းရယူမှု ပိတ်ပင်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ်အစောပိုင်းတွင် ရက်ပ်လာ သတင်းအေဂျင်စီ၏ မီဒီယာမှတ်ပုံတင်အား ပြန်လည်ရုပ်သိမ်းရန် အစိုးရက ကြိုးပမ်းခဲ့သည်။ 

ဒူတာတေး၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ပွဲတွင် လူသေဆုံးမှုကို မှတ်တမ်းတင် သတင်းရယူရာတွင် ရက်ပ်လာသတင်းအေဂျင်စီမှာ ထိပ်ဆုံးကဖြစ်သည်။ မကြာသေးခင်က ထွက်ရှိခဲ့သော ရက်ပ်လာသတင်းအေဂျင်စီ၏ စုံစမ်းမှုသတင်းတွင် ရဲတပ်ဖွဲ့က မျက်နှာဖုံးစွပ် လူများကို အခကြေးငွေပေးပြီး လူသတ်ခိုင်းခဲ့ကြောင်း ဖော်ပြပါရှိခဲ့သည်။ 

ရဲတပ်ဖွဲ့စစ်ဆင်ရေးအတွင်း လူသေဆုံးမှုဦးရေ ၅,ဝ၀ဝ ခန့်ရှိကြောင်း အစိုးရမှတ်တမ်းများက ဖော်ပြထားသော်လည်း ဒူတာတေး သမ္မတ သက်တမ်း စတင်ကတည်းက လူသတ်မှု ၂၃,ဝ၀ဝ ခန့်ရှိကြောင်း ရက်ပ်လာ သတင်းဌာန၏ စုံစမ်းမှုသတင်းအရ သိရသည်။ အသက် ၅၅ နှစ်အရွယ်ရှိ သတင်းထောက်ဟောင်း ရီဆာသည် ယခင်က မနီလာရှိ စီအင်န်အင်န်သတင်းဌာန အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

၂၀၁၂ ခုနှစ်တွင် ရက်ပ်လာ သတင်းဝက်ဘ်ဆိုက်ကို စတင်တည်ထောင်ခဲ့ပြီး အွန်လိုင်းပေါ်တွင် မမှန်ကန်သောသတင်းအချက်အလက်များနှင့် သတင်းအတုအယောင်များ ဖြန့်ဖြူးမှုကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်ဖြေရှင်းခဲ့သည်။