ကိုင်ရို ” ယီမင်နိုင်ငံတွင် စစ်မက်ဖက်ပြိုင် တိုက်ခိုက်နေကြသော လက်နက်ကိုင်တပ်ဖွဲ့ များသည် ၎င်းတို့၏ သုံးနှစ်ကြာ ပြည်တွင်း စစ်ပွဲကို ရပ်တန့်ရန်ရည်ရွယ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျင်းပနိုင်ရေးအတွက် ဆွီဒင်နိုင်ငံတွင် ဒီဇင်ဘာ ပထမပတ်အတွင်း တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။ သို့ရာတွင် အဓိက ညှိနှိုင်းဆွေးနွေးမှုများ အတွက် မက်လုံးအနည်းငယ်သာ ရှိသည်။
ကုလသမဂ္ဂ အရာရှိများက ပြောကြား ရာတွင် နိုင်ငံရေးအရ တည်ငြိမ်မှုတစ်ရပ် ရရှိစေနိုင်သည်အထိ အဆောတလျင်တိုးတက် မှုများကို ၎င်းတို့ မျှော်လင့်ထားခြင်းမရှိ၊ သို့ရာတွင် ယီမင်နိုင်ငံ၏ တစ်နေ့တခြား ဆိုးရွားလာသော လူသားများကြုံနေရသည့် အကျပ်အတည်းကြီးတစ်ခုကို ဖြေရှင်းနိုင်ရေး အတွက် အထောက်အပံ့ဖြစ်စေရန် အနိမ့်ဆုံး အဆင့် ခြေလှမ်းများကို လှမ်းနိုင်မည်ဟု မျှော်လင့်ထားကြသည်။ နိုင်ငံတကာက အသိအမှတ်ပြုထားပြီး အမေရိကန် ကမကထပြုသည့် ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တို့က ထောက်ခံအားပေးထားသည့် လက်ရှိအစိုးရနှင့် အီရန်နိုင်ငံ၏ မဟာမိတ် ဟူသီသူပုန်တို့က ငြိမ်းချမ်းရေးအတွက် ၎င်းတို့ကြိုးပမ်းနေကြကြောင်း နှစ်ဖက်စလုံးကပင် ပြောကြားခဲ့ကြသည်။
ကုလသမဂ္ဂ သံတမန် မာတင် ဂရစ်ဖစ် လိုက်ပါ၍ ဟူသီကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၄ ရက်ညက စတော့ဟုမ်းမြို့သို့ ရောက်ရှိခဲ့သည်။ ယီမင်အစိုးရ ကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာ ၅ ရက်တွင် ဆွီဒင်သို့ ထွက်ခွာမည်ဟု သိရသည်။
၂၀၁၄ ခုနှစ်က ယီမင်မြောက်ပိုင်းနှင့် ဆာနာမြို့တော်ကို ဟူသီသူပုန်တို့ သိမ်းပိုက်ချိန်မှစ၍ ပဋိပက္ခဖြစ်ပွားခဲ့သည်။ ဆော်ဒီဦးဆောင်သော မဟာမိတ်တို့က ထိုနှစ်မတ်လတွင် သူပုန်တို့ကို စတင်တိုက်ခိုက်ခဲ့သည်။ စစ်ပွဲကြောင့် လူပေါင်း ၁၀,ဝ၀ဝ ကျော်သေဆုံးခဲ့သည်။

















