ဗျူနို့စ်အေးရိစ် (အာဂျင်တီးနား) - ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံခေါင်းဆောင်များက ကုန်သွယ်ရေးအငြင်းပွားမှုများကို ထိန်းညှိပေးမည့် အဖွဲ့အစည်း (ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့)ကို စစ်ဆေးပြုပြင်သွားရန် သဘောတူညီခဲ့သော်လည်း ပါရီရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အတိုက်အခံပြုလုပ်နေမှုကို ရင်ဆိုင်ခဲ့ရသည်။
အာဂျင်တီးနားနိုင်ငံ ဗျူနို့စ်အေးရိစ်တွင် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက် နှစ်ရက်ကြာ ကျင်းပခဲ့သော ဂျီ ၂၀ ခေါ် စက်မှုထိပ်သီးနိုင်ငံ ၂၀ အစည်းအဝေးပွဲတွင် ဆောင်ရွက်နိုင်မှုများမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ကို ပြုပြင်ပြောင်းလဲရန် ဂျီ ၂၀ ထိပ်သီးနိုင်ငံခေါင်းဆောင်အားလုံးက တောင်းဆိုခဲ့ကြပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးတွင် အဆိုပါကိစ္စကို ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်သမ္မတ ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ၎င်းတို့၏ ကုန်သွယ်ရေးစစ်ပွဲ ရက် ၉-ဝ ယာယီရပ်စဲရန် သဘောတူညီခဲ့သည့် ထုတ်ပြန်ချက်ကို ဘဏ္ဍာရေးဈေးကွက်လောကက အားပေးခဲ့ကြသည်။ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ဝ တန်ဖိုးရှိ ကုန်ပစ္စည်းများကို အခွန်ကောက်ခံရန် စီစဉ်နေမှုကို ထရမ့်က ရပ်ဆိုင်းရန် သဘောတူညီခဲ့သည်။
ထို့ပြင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ကောင်စစ်ဝန်ရုံး၌ ဝါရှင်တန်ပို့စ်သတင်းစာ ပင်တိုင်ဆောင်းပါးရှင် အစိုးရနှင့် သဘောထားကွဲလွဲဆန့်ကျင်သူ ဂျမားခါရှော့ဂျီကို အောက်တိုဘာလအတွင်းက သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်ပြီး ဆော်ဒီ အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ကို အချို့ခေါင်းဆောင်များက ပြစ်တင်ဝေဖန်ခဲ့ကြသည်။
ရုရှားနိုင်ငံ၏ မကြာသေးမီကဖြစ်ပွားခဲ့သော ယူကရိန်းရေတပ်သင်္ဘောနှင့် အမှုထမ်းများကို ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်ပြီး အနောက်နိုင်ငံ ခေါင်းဆောင်များနှင့် ရုရှားသမ္မတ ပူတင်တို့ ထိပ်တိုက်ရင်ဆိုင်လျက်ရှိသည်။
အဖွဲ့ဝင် နိုင်ငံ ၂၀ လက်မှတ်ရေးထိုးရမည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သဘောတူညီချက် နောက်ဆုံး တရားဝင်ထုတ်ပြန်ချက်တွင် နိုင်ငံ ၁၉ နိုင်ငံက လက်မှတ်ရေးထိုးရန် အတည်ပြုထားပြီးဖြစ်သော်လည်း အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းကသာ လက်မှတ်ရေးထိုးရန် ဆန့်ကျင်ထားကြောင်းသိရသည်။ အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ကနေဒါနိုင်ငံ၊ မက္ကဆီကိုနိုင်ငံတို့နှင့် ကုန်သွယ်ရေးစာချုပ် လက်မှတ်ကို အမေရိကန်သမ္မတ ထရမ့်က နှစ်နှစ်ကျော်ကြာ စေ့စပ်ညှိနှိုင်းခဲ့ပြီးနောက် လက်မှတ်ရေးထိုးခဲ့သည်။
ထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ အိမ်ရှင်အဖြစ်လက်ခံကျင်းပသူ အာဂျင်တီးနားနိုင်ငံ၌ မျှော်လင့်ချက်များ လျော့ကျခဲ့ပြီး အစည်းအဝေး စသည့်အချိန်တွင် နောက်ဆုံးကြေညာချက်အတွက် အများသဘောတူညီမှု ရရှိရန်မလွယ်ကူခဲ့ကြောင်းသိရသည်။ သံတမန်များ နာရီပေါင်းများစွာ ဆွေးနွေးခဲ့ကြပြီးနောက် တရားဝင်ထုတ်ပြန်ချက်ထွက်ရှိခဲ့သော်လည်း ကုန်သွယ်ရေးနှင့် အခြားအငြင်းပွားဖွယ်ရာကိစ္စများနှင့် ပတ်သက်၍ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

















