အာကာသယာဉ်မှူးများ အာကာသစခန်းသို့ ဘေးကင်းစွာရောက်ရှိ

အာကာသယာဉ်မှူးများ အာကာသစခန်းသို့ ဘေးကင်းစွာရောက်ရှိ

ဘိုင်ကိုနော  (ကာဇက်စတန်)-ရုရှား ဆိုယုဇ် အာကာသယာဉ်ဖြင့် လိုက်ပါလာသော အာကာသယာဉ်မှူးသုံးဦးသည် ပျံသန်းချိန် ရှစ်နာရီနီးပါးကြာပြီး ဒီဇင်ဘာ  ၃ ရက်၌ နိုင်ငံတကာအာကာသစခန်းသို့ ဝင်ရောက်နိုင်ခဲ့ရာသိပ္ပံပညာရှင်များအတွက် စိတ်သက်သာရာ ဖြစ်ခဲ့ရသည်။ နာဆာ အာကာသယာဉ်မှူး အင်နီမက်ကလိန်း၊ ကနေဒါ အာကာသအေဂျင်စီမှ ဒေးဗစ်စိန့် ဂျက်ကွီးစ်နှင့် ရုရှားအာကာသအေဂျင်စီ ရော့ကော့စ်မို့စ်မှ အိုလက် ကိုနိုနန်ကိုတို့သည် အဆိုပါ အာကာသယာဉ်ဖြင့် လိုက်ပါခဲ့ကြသည်။

အာကာသယာဉ်မှူးများ၏ ယာဉ်သည် စခန်းနှင့်ချိတ်ဆက်မိပြီး လုံခြုံရေးစစ်ဆေးမှုခံပြီးနောက် စခန်း၏ လက်ရှိယာဉ်မှူးများက ရောက်ရှိလာသော ယာဉ်မှူးသုံးဦးကို ကြိုဆိုနှုတ်ဆက်ကြသည်။ ဆိုယုဇ် MS-11 အာကာသယာဉ်ကို ကာဇက်စတန်ရှိ ဘိုင်ကိုနာ အာကာသစခန်းမှနေ၍ ဒီဇင်ဘာ ၃ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၁ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ချိတ်ဆက်ရန်အတွက် အာကာသစခန်းနောက်သို့လိုက်ရာတွင် အာကာသယာဉ်သည် ခြောက်နာရီကျော်ကြာပတ်လမ်းလေးပတ် ပတ်ခဲ့သည်။ ယာဉ်မှူးများသည် ဇီဝဗေဒ၊ ကမ္ဘာပေါ်ရှိ လက်ရှိ သိပ္ပံပညာရပ်များ၊ ရုပ်ပိုင်းဆိုင်ရာ သိပ္ပံများနှင့် နည်းပညာတို့တွင် သုတေသနနှင့် လက်တွေ့စမ်းသပ်ချက်များ ပြုလုပ်ရန် ခြောက်လကျော် နေမည်ဖြစ်သည်။

ညွန့်ညွန့်ဝင်း ဘာသာပြန်သည်။