မိန်းကလေးတစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်ခဲ့သူများ အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ် တရားရုံး၏ဆုံးဖြတ်ချက်ကို အမျိုးသမီးအဓိကဝါဒီအဖွဲ့များဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့

မိန်းကလေးတစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်ခဲ့သူများ အပြစ်မရှိကြောင်း တရားရုံးဆုံးဖြတ် တရားရုံး၏ဆုံးဖြတ်ချက်ကို အမျိုးသမီးအဓိကဝါဒီအဖွဲ့များဦးဆောင်ပြီး ဆန့်ကျင်ဆန္ဒပြခဲ့

အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လိင်ပိုင်းအနိုင်ကျင့်ပြီး သတ်ဖြတ်ခဲ့မှုဖြင့် စွပ်စွဲခံထားရသည့် အမျိုးသားနှစ်ဦးအား တရားရုံးက အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို မကျေနပ်သည့်အတွက် အာဂျင်တီးနားနိုင်ငံတစ်ဝန်း၌ အမျိုးသမီးအဓိကဝါဒီအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများသည် ဒီဇင်ဘာ ၅ ရက်တွင် ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

အာဂျင်တီးနားနိုင်ငံ၌ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကို ဆန့်ကျင်လှုပ်ရှားမှုများပြုလုပ်နေသည့် နီအူနာမဲနိုစ်( အမျိုးသမီးတစ်ဦးတစ်ယောက်မှ အနိုင်ကျင့်မခံရစေရ) အဖွဲ့က ကမကထပြုပြီး ချီတက်ဆန္ဒပြမှုများကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နီအူနာမဲနိုစ်အဖွဲ့၏လှုပ်ရှားမှုသည် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့နေပြီဖြစ်သည်။

မာဒယ်ပလာတာမြို့ရှိ တရားရုံးက အသက် ၁၆ နှစ်အရွယ် လူစီယာပီရက်စ်ကို လိင်ပိုင်းအနိုင်ကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်းစွပ်စွဲခံထားရသည့် အမျိုးသားနှစ်ဦးကို ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ မိန်းကလေးသည် ယင်းအမျိုးသားနှစ်ဦးနှင့် အလိုတူခဲ့ပြီး မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

မာဒယ်ပလာတာကမ်းခြေ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာတွင် ပီရက်စ်လိင်ပိုင်းအနိုင်ကျင့်သတ်ဖြတ်ခံခဲ့ရပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်သူများအား ကြီးလေးသော ပြစ်ဒဏ်များချမှတ်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။ အဆိုပါအမှုတွင် သေဆုံးသူအမျိုးသမီး၏ခန္ဓာကိုယ်ထဲသို့ ပစ္စည်းများကိုထိုးသွင်းမှုများပင်ရှိခဲ့သောကြောင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်အထိချမှတ်ရန် တောင်းဆိုခဲ့ကြသည်။

သို့သော် စွပ်စွဲခံထားရသည့် မာတီယာစ် ဖာရီယာစ်၊ ဟွန်ပက်ဘလို အော့ဖီဒါနီနှင့် အလက်ဟန်ဒရို မာစီယယ်တို့ကို လိင်ပိုင်းအနိုင်ကျင့်မှုဖြင့် အပြစ်ပေးရန် အထောက်အထားမခိုင်လုံကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။ တရားရုံး၏ဆုံးဖြတ်ချက်သည် အရှက်ရစရာကောင်းလှကြောင်း ပီရက်စ်၏ဖခင် ဂူလာမို ပီရက်စ်က ပြောဆိုခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ဖာရီယာစ်နှင့် အော့ဖီဒါနီတို့သည် အရွယ်မရောက်သေးသူတစ်ဦးအား မူးယစ်ဆေးဝါးများပေးအပ်ခဲ့မှုဖြင့် ထောင်ဒဏ်ရှစ်နှစ်ကျခံရန် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ မာစီယယ်မှာမူ စွပ်စွဲခံရမှုများမှ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့သည်။

ဖာရီယာစ်အား လိင်ပိုင်းအနိုင်ကျင့်မှု၊ လူမဆန်စွာပြုမူခဲ့မှုတို့ဖြင့် ထောင်ဒဏ်တစ်သက်ချမှတ်ပြီး အော့ဖီဒါနီအား ကြံရာပါမှုဖြင့် ထောင်ဒဏ် ၁၈ နှစ်ချမှတ်ရန် ဥပဒေအရာရှိ ဒယ်နီယယ် ဗင်းဆင်းက တောင်းဆိုခဲ့သည်။