မက္ကဆီကိုစီးတီး၏ ပထမဆုံးအမျိုးသမီးမြို့တော်ဝန် ရာထူးလက်ခံမှုကျမ်းသစ္စာကျိန်ဆို

မက္ကဆီကိုစီးတီး၏ ပထမဆုံးအမျိုးသမီးမြို့တော်ဝန် ရာထူးလက်ခံမှုကျမ်းသစ္စာကျိန်ဆို

မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီး၏ ပထမဆုံးအမျိုးသမီးမြို့တော်ဝန်အဖြစ် ကလော်ဒီယာ ရှိုင်းဘောင်းသည် ဒီဇင်ဘာ ၅ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများကို ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ရှိပြီး ပြည်သူများကို ဖိနှိပ်မည့် ရဲတပ်ဖွဲ့ဝင်များကို အလိုမရှိသောကြောင့် အဓိကရုဏ်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်းမည်ဖြစ်ကြောင်း ရှိုင်းဘောင်းက ကတိပြုခဲ့သည်။

အခြေခံလူတန်းစားအများစုနေထိုင်သော ရပ်ကွက်များသို့ ကေဘယ်ကားစနစ်စီစဉ်ပေးမည်ဖြစ်ပြီး ဘတ်စ်ကားနှင့် မြေအောက်ရထားစနစ်တို့ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရှိုင်းဘောင်းက ပြောဆိုခဲ့သည်။

ထို့ပြင် ၂၀၁၇ ခုနှစ် ငလျင်များအတွင်း နေအိမ်များနှင့် တိုက်ခန်းများကို ဆုံးရှုံးခဲ့သူများအတွက် နေအိမ်များနှင့် တိုက်ခန်းများကို ပြန်လည်ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ယခင်အစိုးရသည် အဆောက်အအုံများပြန်လည်ဆောက်လုပ်ရန် ချေးငွေထုတ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဒေသခံများကမူ အဆောက်အအုံသစ်များဆောက်လုပ်ပေးရန် တောင်းဆိုခဲ့သည်။

မြို့တော်တွင်းရာဇဝတ်မှုဖြစ်ပွားမှုနှုန်းလျော့ကျသွားရေးလုပ်ဆောင်မည်ဖြစ်ပြီး မြို့တော်တွင်း အဆောက်အအုံကြီးများဆောက်လုပ်ခြင်းကို ကန့်သတ်မည့် ဥပဒေများကို ပြဌာန်းနိုင်ရေးကြိုးပမ်းမည်ဖြစ်ကြောင်း ရှိုင်းဘောင်းက ကတိပြုခဲ့သည်။

ရှိုင်းဘောင်းသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအင်ဂျင်နီယာဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိထားပြီး ကယ်လီဖိုးနီးယားရှိ လောရင့်စ်ဘာကီလီအမျိုးသားသုတေသနဌာန၌ ပါရဂူဘွဲ့လွန်သုတေသနပြုခဲ့ကာ ကုလသမဂ္ဂ၏ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာနိုင်ငံတကာအထူးအဖွဲ့ဝင်ဟောင်းလည်းဖြစ်သည်။