အုံကြွဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သော စက်သုံးဆီအခွန် တိုးကောက်မည့်အစီအစဉ် ပြင်သစ် အစိုးရ ၂၀၁၉ ဘတ်ဂျက်မှ ဖယ်ရှား

အုံကြွဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သော စက်သုံးဆီအခွန် တိုးကောက်မည့်အစီအစဉ် ပြင်သစ် အစိုးရ ၂၀၁၉ ဘတ်ဂျက်မှ ဖယ်ရှား

ပြင်သစ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အုံကြွဆန္ဒပြမှုများ ဖြစ်ပွားစေခဲ့သော စက်သုံးဆီ အခွန်တိုးကောက်မည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ် ဘတ်ဂျက်စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ပြင်သစ် အစိုးရက ထုတ်ပြန်ကြေညာလိုက်သည်။

ဝန်ကြီးချုပ် အီဒွာ ဖိလစ်ပါက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ခြောက်လ ရွှေ့ဆိုင်းမည်ဟု ယခင်နေ့က ကြေညာခဲ့ရာမှ ပြင်ဆင်ကြေညာလိုက်ခြင်းဖြစ်သည်။

စက်သုံးဆီအခွန် တိုးကောက်မည့် အစိုးရ အစီအစဉ်ကို ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်အတွင်း နိုင်ငံတစ်ဝန်း "အဝါရောင် ရောင်ပြန်ဝတ်စုံ" ဆန္ဒပြပွဲများဖြင့် ကန့်ကွက်ခဲ့ကြသည်။ ပြင်သစ် ဥပဒေအရ မော်တော်ယာဉ်တိုင်းတွင် ရောင်ပြန်ဝတ်စုံများ ထည့်ထားရခြင်းကို အစွဲပြု၍ ရောင်ပြန်ဝတ်စုံများဝတ်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ယခု သီတင်းပတ်ကုန်ရက်တွင်လည်း ပါရီနှင့် အခြား မြို့ကြီးများတွင် ရောင်ပြန်ဝတ်စုံ ဆန္ဒပြပွဲများ ဆက်လက်ဆင်နွှဲသွားရန် စီစဉ်ထားကြောင်း သိရသည်။ ဆန္ဒပြပွဲ အကြမ်းဖက်မှုများကြောင့် လေးဦးထိ သေဆုံးခဲ့ရပြီဖြစ်ကာ၊ ယာဉ်များမီးလောင်၊ ဆိုင်များ ဖျက်ဆီးခံခဲ့ရသည်။

မကြာခင် ကျရောက်တော့မည့် ဆောင်းရာသီတွင် စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်မည် အစီအစဉ်ကို ၂၀၁၉ ဘတ်ဂျက်တွင် ထည့်သွင်းမည် မဟုတ်တော့ဘဲ ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဖိလစ်ပါ ကြေညာသည်။

ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံတွင်း ဘတ်ဂျက်လိုငွေပြမှု လျှော့ချနိုင်ရန်အတွက် စက်သုံးဆီအခွန်နှင့် ဈေးနှုန်းများ မြှင့်တင်ရန်လိုကြောင်း သမ္မတ ဧမာနွေလ မာခရွန်က ပြောကြားခဲ့သော်လည်း လူထုကို စည်းရုံးနိုင်ခြင်းမရှိခဲ့ကြောင်း ဆန္ဒပြပွဲများက ဖော်ပြလျက်ရှိသည်။