ဟွာဝေး ထူထောင်သူ၏ သမီး မန် ဝမ်ကျို ကနေဒါတွင် ဖမ်းဆီးခံရ

ဟွာဝေး ထူထောင်သူ၏ သမီး မန် ဝမ်ကျို ကနေဒါတွင် ဖမ်းဆီးခံရ

ဟွာဝေး ကုမ္ပဏီ ထူထောင်သူ၏ သမီး မန် ဝမ်ကျိုသည် ကနေဒါတွင် ဖမ်းဆီးခံရကာ အမေရိကန်သို့ လွှဲပြောင်းခံရနိုင်ခြေရှိနေကြောင်း သိရသည်။

မန် ဝမ်ကျိုသည် ဟွာဝေး၏ ဘဏ္ဍာရေးအကြီးအကဲဖြစ်သလို၊ ဟွာဝေးကုမ္ပဏီ၏ ဒုဥက္ကဋ္ဌလည်း ဖြစ်ကာ ဒီဇင်ဘာ ၁ ရက်က ဗန်ကူးဗားမြို့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးရခြင်း အကြောင်းရင်းကို ထုတ်ပြန်ခြင်း မရှိသေးပေ။

အမေရိကန်အစိုးရသည် ဟွာဝေးကို အီရန် ဆန်ရှင်များ ချိုးဖောက်မှုဖြင့် စုံစမ်းထောက်လှမ်းနေခြင်းနှင့် ပတ်သက်နိုင်ကြောင်း နယူးယောက်တိုင်းမ် အပါအဝင် အမေရိကန်မီဒီယာများက ဖော်ပြလျက်ရှိသည်။

ကနေဒါရှိ တရုတ်သံရုံးက ဖမ်းဆီးမှုကို ကန့်ကွက်ရှုတ်ချလိုက်ပြီး အမြန်ဆုံး ပြန်လွှတ်ပေးရန် တိုက်တွန်းထားသည်။ ဖမ်းဆီးခြင်း အကြောင်းရင်းကို ပြည့်စုံစွာ အသိရသေးကြောင်း၊ မစ္စ မန်အနေဖြင့် အမှားအယွင်း တစ်စုံတစ်ရာ ကျူးလွန်ခဲ့သည်ဟု မထင်ကြောင်းဖြင့် ဟွာဝေးက ထုတ်ပြန်ပြောကြားထားသည်။

မစ္စ မန်ကို ဖမ်းဆီးသည့် နေ့စွဲနှင့် နေရာကို ကနေဒါ တရားရေးဝန်ကြီးဌာနကလည်း အတည်ပြုထားပြီး၊ အမေရိကန်က လွှဲပြောင်းပေးရန် တောင်းခံထားကြောင်းနှင့် အာမခံ ပေးသင့် မသင့်ကို ဒီဇင်ဘာ ၇ ရက်တွင် ကြားနာဆုံးဖြတ်သွားရန်ရှိကြောင်းလည်း ဝန်ကြီးဌာနက အသိပေးထားသည်။

နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြထားချက်အရလည်း အမေရိကန် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနများသည် ဟွာဝေးကို အီရန်နှင့် မြောက်ကိုရီးယားဆိုင်ရာ ဆန်ရှင်များ ချိုးဖောက်မှု သံသယဖြင့် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။