ဟန်ဂေရီအစိုးရလိုလားသည့် မီဒီယာအဖွဲ့အစည်းကြီးတစ်ခုအား ယှဉ်ပြိုင်မှုဆိုင်ရာစည်းကြပ်မှု၊စည်းမျဉ်းများမှ ကင်းလွတ်ခွင့်ပြုသည့် ထုတ်ပြန်ချက်တစ်ခုကို ဟန်ဂေရီဝန်ကြီး ဗစ်တာအော်ဘန်က ဒီဇင်ဘာ ၅ ရက်တွင် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
ရုပ်သံ၊ အွန်လိုင်းနှင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရာပေါင်းများစွာစုပေါင်းထားသည့် အဆိုပါမီဒီယာအဖွဲ့အစည်းသည် အများပြည်သူအကျိုးစီးပွားအတွက် အမျိုးသားရေးအရ မဟာဗျူဟာပိုင်းအရေးပါလှကြောင်း အော်ဘန်က လက်မှတ်ရေးထိုးပြီးနောက် ပြောဆိုခဲ့သည်။
လွန်ခဲ့သောအပတ်တွင် ကုမ္ပဏီ ၁၀ ခုသည် မီဒီယာလုပ်ငန်းခွဲပေါင်းများကို အဆိုပါမီဒီယာဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့သည်။ မီဒီယာအဖွဲ့အစည်းကြီးသည် ပုံနှိပ်ထုတ်ဝေ၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်း ၄၈၀ နီးပါးကို ချုပ်ကိုင်ထားမည်ဖြစ်ပြီး ယင်းကို အော်ဘန်အပေါ်သစ္စာခံသည့် ထုတ်ဝေသူ ဂါဘာလစ်ဇ်ကေက ကြီးကြပ်မည်ဖြစ်သည်။
ဗဟိုဥရောပပုံနှိပ်ထုတ်ဝေရေးနှင့် မီဒီယာဖောင်ဒေးရှင်းသို့ လွှဲပြောင်းပေးအပ်ခဲ့သည့် မီဒီယာလုပ်ငန်းငယ်များကို ဝန်ကြီးချုပ်အော်ဘန်၏မဟာမိတ်များက တည်ထောင်သို့မဟုတ် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မီဒီယာလုပ်ငန်းအများစုသည် လွတ်လပ်ပြီး အမှီအခိုကင်းသော လုပ်ငန်းများအဖြစ်မှ အော်ဘန်၏မူဝါဒများကို ဝေဖန်ခြင်းမရှိသည့် လုပ်ငန်းများအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယင်းမီဒီယာလုပ်ငန်းများသည် နိုင်ငံပိုင်ကုမ္ပဏီများနှင့် အစိုးရက အတည်ပြုပေးသည့် ကြော်ငြာအများစုကိုလက်ခံရရှိမည်ဖြစ်သည်။
မီဒီယာကုမ္ပဏီများစွာတို့အား ဖောင်ဒေးရှင်းတစ်ခုလက်အောက်သို့ လွှဲပြောင်းထည့်သွင်းပြီး ၎င်းတို့ကို ယှဉ်ပြိုင်မှုဆိုင်ရာစည်းမျဉ်းများမှ ကင်းလွတ်ခွင့်ပြုခြင်းသည် အော်ဘန်၏အာဏာချုပ်ကိုင်မှု အဆင့်သစ်တစ်ခုဖြစ်ကြောင်း လေ့လာသူများကပြောဆိုခဲ့သည်။ အစိုးလိုလားသော မီဒီယာများတွင်သာ ကြော်ငြာများထည့်သွင်းရန် ကြိုးပမ်းမှုကြောင့် အစိုးရ၏မူဝါဒများကို ဝေဖန်နေသည့် မီဒီယာလုပ်ငန်းများ အထိနာသွားမည်ဖြစ်ကြောင်း ပြောဆိုမှုများလည်းရှိနေသည်။
အစိုးရ၏မီဒီယာအင်ပိုင်ယာသည် ဈေးကွက်အထက်သို့ရောက်ရှိသွားပြီဖြစ်ပြီး မီဒီယာသည် အစိုးရလက်ခုပ်ထဲသို့ရောက်ရှိသွားပြီဖြစ်ကြောင်း မူဝါဒရေးရာပညာရှင်အဖွဲ့မှ မီဒီယာနိုင်ငံရေးရာကျွမ်းကျင်သူ ပီတာ ခရောက်ဇ်ကပြောဆိုခဲ့သည်။
အော်ဘန် အာဏာပြန်လည်ရရှိသည့် ၂၀၁၀ ပြည့်နှစ်မှစ၍ ဟန်ဂေရီရှိ မီဒီယာလွတ်လပ်မှုကျဆင်းလာခဲ့သည်။ ဧပြီတွင် အော်ဘန်သည် တတိယမြောက် လေးနှစ်သက်တမ်းကိုဆက်လက်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။

















