လေးနှစ်နီးပါး ကြာမြင့်လာပြီဖြစ်သော ယီမင် ပြည်တွင်းစစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကုလသမဂ္ဂ ဦးဆောင်ကာ ဆွီဒင်နိုင်ငံတွင် ဒီဇင်ဘာ ၆ ၌ စတင်ကျင်းပပြီဖြစ်သည်။
ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က ယီမင် အစိုးရနှင့် ဟူသီ သူပုန် ကိုယ်စားလှယ်အဖွဲ့များကြား စေ့စပ်ဆွေးနွေးပေးမည်ဖြစ်သည်။
ဆွေးနွေးပွဲကို စတော့ဟုမ်းမြို့ပြင်ရှိ ဂျိုဟန်နစ္စဘာ့ဂျ် ရဲတိုက်တွင် တစ်ပတ်ကြာ ကျင်းပမည်ဖြစ်သည်။
ပြည်တွင်းစစ်ကြောင့် ယီမင်သည် မျက်မှောက်ကမ္ဘာ့သမိုင်းတစ်လျှောက် အဆိုးဆုံး လူသားချင်းစာနာမှုအကျပ်ဆိုက်ခဲ့ရသည်။ စစ်ပွဲကြောင့် လူထောင်သောင်းချီ သေဆုံးရကာ၊ သန်းချီသော ပြည်သူများသည်လည်း အငတ်ဘေးဆိုက်ရမည့် ချောက်ကမ်းပါးသို့ ဆိုက်ရောက်နေသည်။
ယခု ဆွေးနွေးပွဲသည် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဦးဆုံးအကြိမ်လည်းဖြစ်သည်။ ကုလသမဂ္ဂ ဦးဆောင်ကာ စက်တင်ဘာက ဂျနီဗာတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း ဟူသီ သူပုန်များဘက်က တက်ရောက်ရန် ပျက်ကွက်မှုကြောင့် မဆွေးနွေးနိုင်ခဲ့ပေ။
ယခု ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး သဘောတူချက်မျိုး ရရှိရန် မဖြစ်နိုင်သေးကြောင်းလည်း နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်သည်။ ဟူသီ သူပုန်များ ထိန်းချုပ်ထားကာ အရပ်သားအများအပြားရှိနေသော ပင်လယ်နီ ဆိပ်ကမ်းမြို့ ဟူဒေဒါတွင် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားမလာစေရန် နှစ်ဖက်သဘောတူညီချက် ရယူဆွေးနွေးကြမည့် အနေအထားသာရှိသည်ဟု ကျွမ်းကျင်သူများက ဆိုထားသည်။
ယခု ဆွေးနွေးပွဲကို အခြေပြုကာ ယီမင် အနာဂတ် နိုင်ငံရေး ဆက်လက်ဆွေးနွေးနိုင်မည့် အခြေခံမူတစ်ခု ဖော်ဆောင်ပေးနိုင်ရန် ကုလသမဂ္ဂက အားထုတ်ပြင်ဆင်လျက်ရှိသည်။

















