ဂျပန်ကမ်းလွန်၌ အမေရိကန်စစ်တပ်မှ လေယာဉ်နှစ်စင်း ပျက်ကျ၊ အမှုထမ်း ခုနစ်ဦးအနက် နှစ်ဦးကိုကယ်တင်နိုင်

ဂျပန်ကမ်းလွန်၌ အမေရိကန်စစ်တပ်မှ လေယာဉ်နှစ်စင်း ပျက်ကျ၊ အမှုထမ်း ခုနစ်ဦးအနက် နှစ်ဦးကိုကယ်တင်နိုင်

အမေရိကန်ကမ်းတက်တပ်ဖွဲ့မှ လောင်စာထောက်ပံ့ရေးလေယာဉ်တစ်စင်းနှင့် တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာ ၆ ရက် အစောပိုင်းတွင် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းကမ်းလွန်၌ ဝင်တိုက်မှုဖြစ်ပြီး ပျက်ကျခဲ့ကြောင်း ဂျပန်နှင့် အမေရိကန်အစိုးရအရာရှိများကပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၆ ရက် နံနက် ၂ နာရီတွင် လောင်စာပြန်လည်ဖြည့်တင်းရေးလေ့ကျင့်မှုအတွင်း အက်ဖ်အေ-၁၈ တိုက်လေယာဉ်နှင့် ကေစီ-၁၃၀ လောင်စာထောက်ပံ့ရေးလေယာဉ်တို့သည် တစ်စင်းနှင့်တစ်စင်းဝင်တိုက်ပြီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ကမ်းတက်တပ်ဖွဲ့ကထုတ်ပြန်ခဲ့သည်။

လေယာဉ်နှစ်စင်းသည် ဂျပန်နိုင်ငံအနောက်ပိုင်း ဟီရိုရှီးမားနား အီဝါကူနီရှိ အခြေစိုက်စခန်းမှ ပျံတက်ခဲ့ကြခြင်းဖြစ်သည်။

လေယာဉ်များသည် ကမ်းရိုးတန်းမှ ၃၂၀ ကီလိုမီတာ ( မိုင် ၂၀ဝ ) ခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

အက်ဖ်အေ-၁၈ တိုက်လေယာဉ်၌ လေယာဉ်အမှုထမ်းနှစ်ဦး၊ ကေစီ-၁၃၀ ၌ လေယာဉ်အမှုထမ်းငါးဦးတို့လိုက်ပါသွားခဲ့ပြီး ယင်းခုနစ်ဦးအနက် နှစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဂျပန်အစိုးရအရာရှိများကပြောဆိုခဲ့သည်။

ဂျပန်ရေတပ်သည် လေယာဉ်များနှင့် ရှာဖွေကယ်ဆယ်ရေးသင်္ဘောများကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်။

မကြာသေးမီလများအတွင်း ဂျပန်ကမ်းလွန်၌ အမေရိကန်စစ်တပ်ပါဝင်သော မတော်တဆမှုများဖြစ်ပွားခဲ့သည်။ လွန်ခဲ့သောလတွင် အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရီဂင်မှ အက်ဖ်အေ-၁၈ ဟောနစ်လေယာဉ်တစ်စင်း ဂျပန်တောင်ပိုင်းရှိ အိုကီနာဝါကျွန်း အနောက်တောင်ပိုင်းပင်လယ်ပြင်တွင် ပျက်ကျခဲ့သည်။

ပျက်ကျမှုအတွင်း လေယာဉ်မှူးနှစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ အောက်တိုဘာလလယ်ပိုင်းတွင် အဆိုပါလေယာဉ်တင်သင်္ဘောမှ အမ်အိပ်ချ်-၆၀ ဆီးဟော့ခ်လေယာဉ်တစ်စင်း ဖိလစ်ပိုင်ပင်လယ်ထဲသို့ ပျက်ခဲ့ပြီး အမှုထမ်းတစ်ဒါဇင်ခန့် ဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။